စဉ့်ကိုင် ဒီဇင်ဘာ ၁၉

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ မုံပင်နှင့် ကံကြီးကျေးရွာတို့တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ဆီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ဆီးပင်စိုက်ပျိုးရာတွင် ကိုင်းကူးပျိုးပင်များကို ဝယ်ယူ၍ ဇွန်လတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ၂-၃ နှစ်ခန့်အကြာတွင် ဆီးသီးများစတင်သီး၍ နိုဝင်ဘာလတွင် ဆီးသီးများ စတင်ထွက်ပေါ်ပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းနှင့် အလုံးကြီး၍ အရည်အသွေးနှင့် အရသာကောင်းမွန်သော ဆီးသီးမျိုးများကို နှစ်ပေပတ်လည် ကျင်းတူး၍ ၁၅ ပေ အကွာအဝေးဖြင့် စိုက်ပျိုးကြကြောင်း၊ စတင်စိုက်ပျိုးသည့်အချိန်တွင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်၂၅၀၀၀၀၀- ၃ဝဝဝဝဝဝ ခန့် ကုန်ကျပြီး နှစ်ရှည်သီးနှံဖြစ်သည့်အတွက် ဆီးသီးများ စတင်ထွက်ပေါ်ပြီးနောက် ကုန်ကျစရိတ်နည်းပါးလာကြောင်း၊ ဆီးသီးများကို ခုနစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး စတင်ထွက်ပေါ်ချိန်မှ ရာသီကုန်သည်အထိ သုံးလအကြာ ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် ဆီးသီး ၁၀ ပြည်ပါ ဖာ ၂၀ ခန့်ထွက်ရှိပြီး လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဖာ ၃၀-၃၅ အထိ ထွက်ရှိရာ တစ်ဧကလျှင် စုစုပေါင်းပျမ်းမျှအထွက်နှုန်းအနေဖြင့် ဖာ ၅ဝ ခန့် ထွက်ရှိကြောင်း၊ အလုံးအသေးအကြီးပေါ် မူတည်၍ ဆီးသီး ၁၀ ပြည်ပါ တစ်ဖာလျှင် လက်ကားဈေး ငွေကျပ် ၂၀၀၀၀-၂၂၀၀၀ ဖြင့် လည်းကောင်း၊ လက်လီဈေး အလုံးကြီး တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ အလုံးသေးတစ်ပြည်လျှင် ငွေကျပ် ၂၅ဝဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 

ဈေးကွက်အနေဖြင့် မန္တလေး၊ အောင်ပန်း၊ တောင်ကြီးနှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ယိုစုံလုပ်ငန်းရှင်များကလည်း ဆီးသီးခြံအထိ လာရောက်ဝယ်ယူကြကြောင်း၊ တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၂၀ ခန့် အမြတ်ရရှိပြီး အထွက်နှုန်းနှင့်ဈေးနှုန်းအပေါ် မူတည်၍ အကျိုးအမြတ်များ ပိုမိုရရှိကြောင်း ဆီးသီးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

 

DOCA (မန္တလေး)