နေပြည်တော် ဇွန် ၂၁
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဆီသယ်ယာဉ် (ဘောက်ဆာ)များတွင် GPS များ တပ်ဆင် ထားရှိစေပြီး သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား မသက်ဆိုင်သည့် နေရာများသို့ ရောက်ရှိမှုမရှိစေရေး Online Monitoring Center မှ တိုက်ရိုက် စောင့်ကြည့် စစ်ဆေးလျက်ရှိသည်။
ထိုသို့စောင့်ကြည့်စိစစ်ခဲ့ရာ ဆီသယ်ယာဉ်အမှတ် 5P/8614 ၊ နောက်တွဲအမှတ် 1TLR-9177 သည် ရန်ကုန်မြို့(သီလဝါ)မှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီ ပို့ဆောင်ရန်ဖြစ်သော်လည်း ကျိုက်ထိုမြို့ အနီးတွင် ရပ်တန့်နေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီသို့ သတင်းချပြ စုံစမ်းစေခဲ့ရာ အဆိုပါဆီသယ် ယာဉ်အား မရမ်းချောင်လုံခြုံရေးဂိတ်တွင် ဖမ်းမိခဲ့ပြီး စက်သုံးဆီများကို သက်ဆိုင်ရာနေရာသို့ ပို့ဆောင်ခြင်းမပြုဘဲ တရားမဝင် လွှဲပြောင်းရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကျိုက်ထို မြို့မရဲစခန်းတွင် (ပ)၁၇၃/၂၀၂၆ “အရေးကြီး ကုန်စည်များဆိုင်ရာ ဥပဒေပုဒ်မ ၅” ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်။
ထို့အတူ ဆီသယ်ယာဉ် အမှတ်၊ 9D-8840၊ နောက်တွဲယာဉ် အမှတ် TLR-9550 သည် ရန်ကုန်မြို့(သီလဝါ)မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ စက်သုံးဆီ ပို့ဆောင်ရန်ဖြစ်သော်လည်း ကျိုက်ထိုမြို့နှင့် ဘီးလင်းမြို့ အကြား အလိုတော်ပြည့်ဘုရား အနီးတွင် ရောက်ရှိရပ်တန့်ထားသည်ကို သံသယဖြစ်ဖွယ် စစ်ဆေး တွေ့ရှိရသဖြင့် သတင်းချပြ၍ အဆိုပါဆီသယ်ယာဉ်အား ပိတ်ဆို့ရှာဖွေ စစ်ဆေးစေခဲ့ရာ မုဒုံမြို့နယ် ဒိုးမားကျေးရွာအုပ်စု ဒိုးမား ကျေးရွာအနီး မော်လမြိုင်-သံဖြူ ဇရပ်ကားလမ်းဘေးတွင် ယာဉ်မောင်းမရှိဘဲ ရပ်တန့်ထားသည့် ဆီသယ်ယာဉ်အား စစ်ဆေးတွေ့ရှိ ရသဖြင့် မုဒုံမြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆီသယ်ယာဉ်များအား GPS တပ်ဆင်စေ၍ နည်းပညာဖြင့် ကြပ်မတ်စစ်ဆေးနေသည့်စနစ်အတွင်း ဝင်ရောက်ပြီးမှသာ ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ခြင်း ကြီးကြပ် လက်မှတ်များ ထုတ်ပေးသည့် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဆီသယ်ယာဉ် ၅၁၀၆ စီးသည် GPS များတပ်ဆင်၍ စနစ်အတွင်း ဝင်ရောက်ပြီးဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ကြီးကြပ်စစ်ဆေးသည့် နည်းပညာများကို အဆင့်မြှင့်တင်လျက်ရှိပြီး ဆီသယ်ယာဉ် တစ်စီးချင်း၏ သွားရောက်မည့် လမ်းကြောင်းကို ထည့်သွင်းစေပြီး လမ်းကြောင်းမှ သွေဖည်ခြင်း၊ သံသယဖြစ်ဖွယ် အချိန်ကြာမြင့်စွာ ရပ်တန့်နေခြင်းတို့ ပြုလုပ်ပါက Control Center တွင် သတိပေး Alarm ပေါ်လာသည့်စနစ်ကို AI နည်းပညာသုံး၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းလိုက်နာခြင်း မရှိသည့်ယာဉ်များကို လုပ်ငန်း လုပ်ကိုင်ခွင့် ချက်ချင်းရပ်ဆိုင်း၍ လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


