ဇေယျာသီရိ ဇွန် ၂၂

 

စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဥတ္တခရိုင် ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ခေတ်အေးကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ‌တွင် ကျင်းပသည်။    

 

အဆိုပါသင်တန်းတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကြည်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သလို နိုင်ငံအတွင်း ဆန်စပါးဖူလုံရုံသာမက ဆီဖူလုံရေးအတွက်လည်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီနှံများ ရာသီမရွေး စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့သင်တန်းသို့ တက်ရောက်လာသည့် တောင်သူများအနေဖြင့် တစ်နေ့တာကို အကျိုးရှိရှိ သင်ကြားဆွေးနွေးမှုများ လုပ်ဆောင်ပေးလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 

ထို့နောက် နေပြည်တော်တိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နေပြည်တော်တိုင်း မျိုးစေ့တာဝန်ခံ ဦးဝင်းချို၊ ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်နှင့် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းတို့က ဆီထွက်သီးနှံမျိုးစေ့ထုတ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆီထွက်သီးနှံ နည်းပညာပေးသင်တန်းအကြောင်းနှင့် လက်ရှိ ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ ခေတ်အေးကျေးရွာအုပ်စုမှ တောင်သူ ၅၀ တက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ တာဝန်ရှိသူများက ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကို ဇွန် ၂၂ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)