နေပြည်တော်  ဩဂုတ်  ၃

 

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုပစ္စည်းဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ် (၄၃)၌ ကျင်းပသည်။

 

 အခမ်းအနားတွင် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုကော်မတီဥက္ကဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ကော်မတီဝင်များ၊ အထူးဖိတ်ကြား ထားသူများ တက်ရောက်ကြပြီး၊  မြန်မာနိုင်ငံ မျိုးစေ့ မြေဩဇာ နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ မျိုးစေ့အသင်းတို့မှ ဥက္ကဌများနှင့် လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

 

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျင် မြေပဲ ဧက (၃) သန်း ၊ နှမ်း ဧက (၃ဒသမ၇) သန်း၊ နေကြာ (၁)သန်းခန့်ရှိပြီး ပြည်တွင်းဆီ စားသုံးမှုဖူလုံစေရန် တစ်ဧက၏ ဆီထုတ်လုပ်မှု အမြင့်ဆုံးရနိုင်သည့် နေကြာသီးနှံကို (၁ဒသမ၅) သန်း စိုက်ပျိုးနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိသည်။

 

 အခြေအနေပေးသည့် ဒေသများတွင် နေကြာသီးနှံကို စိုက်ပျိုးရာသီအလိုက် တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကာ နေကြာ သီးနှံ ဧက(၄)သန်းအထိ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ နေကြာစိုက်ပျိုးသူ တောင်သူများ မျိုးစေ့နှင့် သွင်းအားစုများ အသုံးပြုနိုင်ရေး အတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နွေစပါးနှင့် ပဲတီစိမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းတွင် သွင်းအားစုများ အသုံးပြုနိုင်ရန် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ပေးသကဲ့သို့ နေကြာ၊ မြေပဲ နှင့် နှမ်း တိုးချဲ့စိုက်ပျိုးခြင်းအတွက် အလားအလာကောင်းသည့် ဒေသအလိုက် ဧရိယာများ ရွေးချယ် သတ်မှတ်ပြီး သွင်းအားစု များ အသုံးပြုနိုင်ရေး ကူညီထောက်ပံ့ပေးနိုင်ရန် သက်ဆိုင်ရာ အစုအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးများပြောင်းလဲ အသုံးပြုနိုင်ရေး၊ နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းကာ သီးထပ်စွမ်းအား တိုးတက်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)