ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးမှုနှင့် တိရစ္ဆာန်အစာအတွက် ထောက်ပံ့ပေးနိုင်

ရန်ကုန် ၊ ၃၁ ဒီဇင်ဘာ                                                                                            

    

မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရန် နေကြာ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်းတို့အနက် နေကြာ၊ မြေပဲနှင့် နှမ်းတို့ကို အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

 

“ကျွန်တော်တို့က မြန်မာပြည်မှာ ပဲပုပ်စိုက်စေချင်တာ။ ဆီရမယ်၊ ပြီးတော့ တိရစ္ဆာန်အစာ ရမယ်။ ပဲပုပ်ဟာ စပါးထက် တွက်ချေကိုက်တယ်။ မွေးမြူရေးအစာလိုအပ်တော့ ပြည်ပကတစ်နှစ်ကို တန်ချိန် ၉ သိန်း တင်သွင်းနေရတယ်။ နောင်ဆိုရင် တန်ချိန် ၁၂ သိန်းထိ လိုလာမယ်။ ပန်းတနော်က ငါးမွေးမြူရေးဇုန်ကြီး ပြီးစီးသွားခဲ့ရင် တစ်ရက်တန်ချိန် ၅၀၀ ထိ လိုလာလိမ့်မယ်။ ပြည်တွင်းမှာမရရင် နိုင်ငံခြားကသွင်းရမှာဖြစ်တယ်။ ဒါကြောင့် တောင်သူတွေကို မျိုးစေ့၊ နည်းပညာ ဖြန့်ဖြူးဖို့လိုမယ်။ ပြီးတော့ ပဲ့ပုပ်ဆီထုတ်လုပ်မယ့် သူလည်းလိုတယ်။ တောင်သူအနေနဲ့ ဆီနဲ့ ပဲပုပ်ဖတ်ရတဲ့အတွက် တွက်ချေကိုက်တာကြောင့် စိုက်ပျိုးဖို့ပဲ လိုတာပါ။ ငါးအစာမှာ ပဲပုပ်ဖတ်က ၃၀ ရာခိုင်နှုန်း ပရိုတိန်းဓာတ် ပါဝင်တယ်။ ဒါကြောင့် ပြည်တွင်းမှာ ဆီထွက်ပစ္စည်း တိုးမြှင့်စိုက်ပျိုးဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပြသည်။

       

မြန်မာတစ်နိုင်ငံလုံးတွင် ဆီစက်ပေါင်း ၃၁၅၄ ရုံရှိသည့်အနက် ဆီစက် ၂၀၀ ကျော် လည်ပတ်လျက်ရှိကာ ဆီထွက်သီးနှံစိုက်ပျိုးမှု နည်းသောကြောင့် ဆီစက်အားလုံးက လည်ပတ်မှုနိုင်မှုမရှိကြောင်း၊ စပါးမျိုးကောင်း မျိုးသန့် စိုက်ပျိုးထုတ်လုပ်နေချိန်တွင် မြေပဲမှာ မျိုးကောင်းမျိုးသန့်မရှိခြင်း၊ ထွက်နှုန်းအာမခံချ က်မရှိခြင်းနှင့် ဆီထွက်သီးနှံအတွက် သွင်းအားစုစရိတ်ကြီးမားခြင်းတို့ကြောင့် ပြည်တွင်းဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

       

“ကျွန်တော်တို့နိုင်ငံမှာ အများဆုံးစားသုံးနေတာက စားအုန်းဆီနဲ့ စပ်ဆီ၊ ပြီးတော့ နေကြာဆီ၊ မြေပဲဆီ နဲ့ နှမ်းဆီ။ ရှမ်းပြည်တောင်ပိုင်း တောင်လေးလုံးမှာ နေကြာဧက ၄၀၀ စိုက်ထားတာရှိပါတယ်။ ပဲပုပ်နဲ့ နေကြာဟာ တိရစ္ဆာန်အစာလည်းရပါတယ်။ မွေးမြူရေးအစာကို ပြည်ပက တင်သွင်းရတဲ့ အကြောင်းရင်းက ပြည်တွင်းမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းလို့ပါ။ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများရင် နိုင်ငံ၊ တောင်သူနဲ့ စားသုံးသူ အကျိုးခံစားရမှာ အမှန်ပါ။ မွေးမြူရေးအစာ ပြည်တွင်းမှာ ဖောဖောသီသီရနိုင်လျက်နဲ့ ပြည်ပက ဝယ်ယူနေရတာထက်စာရင် ပြည်တွင်းမှာ တိုးချဲ့စိုက်ပျိုးဖို့ အချိန်ကျပါပြီ”ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းဉက္ကဋ္ဌ ဦးခင်စိုးကပြောသည်။

    

ဒေသတွင်းနိုင်ငံများတွင် မျိုးရိုးဗီဇသင်တန်း၊ နည်းပညာသင်တန်း၊ မြေ/ရေအသုံးချသင်တန်း၊ ကောက်ပဲ သီးနှံအလိုက် စက်ပစ္စည်း ကိရိယာထုတ်လုပ်သင်တန်း၊ မြေဩဇာနှင့် ပိုးသတ်ဆေးသင်တန်း၊  သီးနှံသိုလှောင် ထိန်းသိမ်းအခြောက်ခံခြင်း နည်းပညာသင်တန်း အပါအဝင် သင်တန်းပေါင်း ၁၇ မျိုးကို Institution များမှ နှစ်စဉ် ကျောင်းသား ၅၀၀ခန့်ကို နှစ်နှစ်ကြာသင်တန်းပေး၍ ကျေးလက်များသို့ဆင်းကာ ထွန်ယက်ချိန်၊ စိုက်ပျိုးချိန်၊ မြေဩဇာသွင်းချိန်၊ ပိုးသတ်ဆေးအသုံးပြုချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် ဆင့်ပွားသင်တန်းများ ပို့ချခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်လျက်ရှိကြောင်း သိရသည်။

            

မြေပဲတစ်ဧကလျှင် ၃၅ တင်း ထွက်ရှိသောကြောင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရာ၌ နည်းပညာကဏ္ဍမှာ အရေးပါလျက်ရှိကြောင်း၊  မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧက သန်း ၂၀ ရှိသောကြောင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဝင်ငွေရရှိကာ ပြည်ပထွက်ငွေကျဆင်းပြီး စိုက်ပျိုးတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံခြားဝင်ငွေရရှိနေသော မွေးမြူရေးလုပ်ငန်းအတွက်လည်း တိရစ္ဆာန်အစာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး