နေပြည်တော် ဖေဖော်ဝါရီ ၇
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မကွေးတိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု မြင့်မားတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍတွင် အဓိကကျသည့် သီးနှံစိုက်ပျိုးသည်မှ ကုန်ချောဖြစ်သည်အထိ သီးနှံကွင်းဆက် တစ်ခုလုံးဆောင်ရွက်ရန် လိုအပ်ချက်များအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် အရာထမ်း အမှုထမ်းများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူနှင့်ပွဲရုံ ချိတ်ဆက်ဆောင်ရွက်နေမှုများ ကို လေ့လာပြီး လိုအပ်ချက်များကို ဝိုင်းဝန်းအဖြေရှာ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးကြိုးပမ်းနေခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စိုက်ဧရိယာ မတိုးချဲ့ဘဲ ဆီထွက်သီးနှံများအထွက်နှုန်း တိုး တက်အောင်လုပ်ဆောင်ရန် ဒေသအလိုက် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဆီထွက်သီးနှံများကို ဖြည့်စွက်ရေ(၁)ကြိမ်မှ (၂)ကြိမ် ပေးနိုင်ရုံဖြင့် သီးနှံများအထွက်တိုးစေနိုင်သည့်အတွက် ရေကိုစနစ်တကျ သိုလှောင်စိုက်ပျိုးရန်၊ သီးနှံကာကွယ်ရေးနှင့်ပတ်သက်သည့် တောင်သူပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ မြို့နယ်ဦးစီးမှူးများ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကိုယ်တိုင်စိုက်ခင်းတစ်ခု ထူထောင်၍စိုက်ပျိုးသရုပ်ပြရန်နှင့် ခရိုင်ဦးစီးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေ သနဗဟိုဌာန (မကွေး)၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့်သင့်တော်သော အထွက်ကောင်း မြေပဲမျိုးသစ်များ မွေးမြူရွေးချယ်ကြရန်၊ ပင်ပြန့်နှင့် ပင်ထောင်မျိုးများကို မျိုးစပ်သုတေသနလုပ်ကြရန်နှင့် နည်းပညာနှင့် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တမာပိုးသတ်ဆေးစက်ရုံ(မကွေး)၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လယ်ယာကဏ္ဍအတွက် အရေးကြီးသော သွင်းအားစုများအတွက် ပြည်ပမှီခိုမှု လျှော့ချနိုင်ရေး၊ သွင်းအားစုထုတ်လုပ်သည့် နည်းပညာများ ပြည်တွင်းတွင် ဖေါ်ထုတ်ပိုင်ဆိုင်နိုင်ပြီး တောင်သူများအတွက် စျေးသက်သာ စွာထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆက်လက်ကြိုးပမ်းကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)