နေပြည်တော် နိုဝင်ဘာ ၁
ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းဆီကြိတ်စက်များ၏ ကုန်ကြမ်းလိုအပ်ချက်အပေါ် ပံ့ပိုးနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံတို့က ဦးဆောင်ဆွေးနွေးကြပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် ၂၀၂၄ - ၂၀၂၅ခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် လျာထားချက်နှင့် ယနေ့အထိ ဆီထွက်သီးနှံများစိုက်ပျိုးပြီးစီးမှု၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် မိုးမြေပဲ၊ မိုးနှမ်း၊ မိုးနေကြာသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ချက်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ စာရင်းကောက်ယူရရှိသည့် တစ်နှစ်ကုန်ကြမ်းလိုအပ်ချက်အပေါ် ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ ဒေသအလိုက် လအလိုက် ကုန်ကြမ်းပံ့ပိုးနိုင်မည့် အခြေအနေ၊ "ရာဂီ" တိုင်ဖွန်းမုန်တိုင်းကြောင့် တိုင်းဒေသကြီး ပြည်နယ်များတွင် သီးနှံများ ရေကြီးနစ်မြုပ် ပျက်စီးခဲ့မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် လုပ်ငန်းအဖွဲ့များဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


