မော်ကျွန်း-မြင့်အောင်
မြန်မာနိုင်ငံတွင် တောင်သူများစိုက်ပျိုးသော ဆီထွက်သီးနှံသုံးမျိုးမှာ နှမ်း၊ မြေပဲနှင့် နေကြာတို့ပင် ဖြစ်ပါသည်။ နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီထုတ်လုပ်သော သီးနှံများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ နေကြာသည် မြန်မာတစ်နိုင်ငံလုံး နေရာမရွေးစိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သီးနှံလည်းဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်/တိုင်းဒေသကြီးများတွင် ယခင်က နေကြာဧက အများအပြား စိုက်ပျိုးခဲ့ကြသည်။ အောင်မြင်ဖြစ်ထွန်းခဲ့ကြသည်။ တောင်သူများဝင်ငွေတိုးပွား အကျိုးများခဲ့ကြပေသည်။
စာရေးသူတို့ ငယ်စဉ်က အမေ့ဇာတိမြေဖြစ်သော မော်လမြိုင်ကျွန်းမြို့နယ် တယ်ချောင်းကျေးရွာအုပ်စု ဂျုံးဂျုံးကျ နတ်မင်းကြီးကျေးရွာသို့ အမေအလည်အပတ်ပြန်လျှင် စာရေးသူလိုက်ပါခဲ့ဖူးသည်။ နေကြာစိုက်ခင်းကြီး များကို တစ်မျှော်တစ်ခေါ် တွေ့မြင်ရသည်။ နေကြာကိုတွေ့လျှင် ပျော်သည်။ စိတ်ကြည်နူးရသည်။
သို့ဖြစ်ရာ နေကြာတောင်သူများ စိုက်ပျိုးသော ဆီထွက်သီးနှံတွင် အဓိကအားဖြင့် အစေ့စားနေကြာနှင့် ဆီစား နေကြာဟူ၍ နှစ်မျိုးရှိပေသည်။ နေကြာတောင်သူများသည် ဆီထွက်သီးနှံ နေကြာကို ဝင်ငွေတိုးပွားအကျိုးများသဖြင့် ကြိုက်နှစ်သက်ကြသည်။
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများအနက် နေကြာသီးနှံသည် စိုက်ပျိုးရသော မျိုးစေ့ပမာဏနှင့် ထွက်ရှိသော မျိုးစေ့ပမာဏ အချိုးအစား မြင့်မားခြင်း၊ တစ်ဧက ဆီအထွက်နှုန်း ကောင်းမွန်ခြင်း၊ စိုက်ပျိုးစရိတ်သက်သာခြင်း၊ ပိုးမွှားရောဂါနှင့် ရာသီဥတု ဖောက်ပြန်သည့်အချိန်တွင် သီးနှံပျက်စီးမှု နည်းပါး ခြင်းတို့ကြောင့် တောင်သူများမှာနေကြာကို ကြိုက်နှစ်သက်ကြခြင်း ဖြစ်ပေသည်။
နေကြာ၏ မူရင်းဒေသမှာ မြောက်အမေရိကဖြစ်သည်။ နေကြာသည် စုပေါင်းမျိုးရင်းတွင် ပါဝင်သည်။ နေကြာကို အင်္ဂလိပ်အမည် Sun Flower ဟုလည်း ခေါ်ကြသည်။ နေကြာဟု အမည်ရခြင်းမှာလည်း နေကြာသည် နေသွားလမ်းအတိုင်း လှည့်ပတ်သွားလာမှုရှိသောကြောင့် ဖြစ်သည်။
နေကြာသည် သမပိုင်းဇုန် သီးနှံဖြစ်သော်လည်း သမနွေးပိုင်းဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ နေကြာကို တောင်လတ္တီကျု ၄၀ နှင့် ၅၀ ဒီဂရီအတွင်း စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် မြောက်လတ္တီကျု ၂၀ နှင့် ၅၀ ဒီဂရီအတွင်း စိုက်ပျိုးပါက နေကြာပိုမိုဖြစ်ထွန်းအောင်မြင်ပေသည်။
နေကြာကြိုက်နှစ်သက်သည့်မြေ
ဆီထွက်သီးနှံနေကြာအား စိုက်ပျိုးမည်ဆိုလျှင် တောင်သူများ အဓိက သိထားသင့်သည့်အချက်မှာ မြေအမျိုး အစားဖြစ်သည်။ နေကြာပင်ကို သဲနုန်း မြေစေး၊ နုန်းမြေနှင့် သဲနုန်းတို့တွင် စိုက်ပျိုးပါက အထူးသန်စွမ်းဖြစ်ထွန်းသည်။ အဓိက လိုအပ်ချက်တစ်ခုမှာ မြေချဉ်ငန်ဓာတ် ၆ - ၇ တို့သည် နေကြာ စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပြည်တွင်း စားသုံးဆီ ဖူလုံစေရန်မှာလည်း အရေးကြီးသော အချက်ဖြစ်သည်။ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေကြာကို သီးထပ်၊ သီးညှပ် တိုးချဲ့စိုက်ပျိုးကြရန် လိုပေသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံနေကြာကို ဟင်္သာတခရိုင်နှင့် မအူပင် ခရိုင်တို့တွင် အများဆုံး စိုက်ပျိုးကြသည်။
ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၂- ၂၀၂၃ ခုနှစ် နေကြာစိုက်ပျိုးရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို သိရှိ လိုသဖြင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင် တို့နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။
“ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ဆီထွက်သီးနှံနေကြာကို ၂၀၂၂-၂၀၂၃ ခုနှစ်မှာ စတင်ပြီး စိုက်ဧက တိုးချဲ့စိုက်ပျိုးသွားဖို့ စီမံချက်ချမှတ် ဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီးတစ်ခုလုံးမှာ နေကြာ ၂၂၄၆၈၈ ဧက တိုးချဲ့ စိုက်ပျိုးသွားနိုင်ဖို့အတွက် လိုအပ်တဲ့ နေကြာမျိုးစေ့တွေရရှိဖို့ ကျွန်တော်တို့ အဓိကထား ဆောင်ရွက်နေပါတယ်။ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီမှာ ဆင်းရွှေကြာ (၂)မျိုးနဲ့ မျိုးစေ့ထုတ်ဧက ၃၀၀၀ စိုက်ပျိုးနိုင်ဖို့အတွက် ဟင်္သာတခရိုင် မြန်အောင်မြို့နယ်မှာ ဧက ၁၃၀၀၊ ကြံခင်း မြို့နယ်မှာ ဧက ၁၀၀၀ နဲ့ အင်္ဂပူမြို့နယ်မှာ ဧက ၇၀၀ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ အဲဒီ နေကြာဧက ၃၀၀၀ မျိုးစေ့ထုတ်စိုက်ဖို့ လိုအပ်တဲ့ နေကြာမျိုးစေ့တွေကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ် တွေနဲ့ မျိုးစေ့တွေကို ပြန်လည်ဝယ်ယူပြီး ၂၀၂၂- ၂၀၂၃ ခုနှစ် ဆောင်းရာသီနေကြာ စိုက်ပျိုးကြဖို့ တိုင်းဒေသကြီးအတွင်းရှိ တောင်သူတွေကို နေကြာမျိုးစေ့တွေ ပြန်လည်ဖြန့်ဖြူးသွားဖို့ ရှိပါတယ်” ဟု အသီးသီးရှင်းလင်းပြောကြားကြသည်။
ဧရာဝတီ တိုင်းဒေသကြီးသည် မြေနေရာကျယ်ဝန်းသည်။ စိုက်ပျိုးရန် ဖြစ်ထွန်းသည့် ရေခံမြေခံကောင်းသော ဒေသဖြစ်ပေရာ ဧရာဝတီတိုင်းဒေသကြီးရှိ ၂၆ မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာစိုက်ပျိုးရာသီမှစတင်၍ နေကြာ ဧကများ တို့ချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်။
ယခုအခါ ဆီထွက်သီးနှံနေကြာကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်တွင် အများဆုံးစိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာဧကပေါင်း ၁၀၇၆၆၀၊ ဒုတိယအများဆုံး စိုက်ပျိုး သွားမည့်ခရိုင်မှာ မအူပင်ခရိုင်ဖြစ်ပြီး နေကြာဧကပေါင်း ၇၀၉၂၃ဧက စိုက်ပျိုး သွားမည်ဖြစ်သည်။
၂၀၂၂-၂၀၂၃ ခုနှစ်၌ ဧရာဝတီတိုင်း ဒေသကြီးရှိ ၂၆ မြို့နယ်တွင် ဆီထွက် သီးနှံနေကြာ အများဆုံးစိုက်ပျိုးရမည့် မြို့နယ်မှာ အင်္ဂပူမြို့နယ် ဧကပေါင်း ၃၀၆၁၀၊ ဒုတိယအများဆုံးစိုက်ပျိုးမည့် မြို့နယ်မှာ ဇလွန်မြို့နယ်ဖြစ်ပြီး ဧက ပေါင်း ၂၆၀၀၅ ဧကနှင့် တတိယအများဆုံး စိုက်ပျိုးမည့်မြို့နယ်မှာ မအူပင်မြို့နယ် ဖြစ်ပြီး ဧကပေါင်း ၂၂၅၉၃ ဧကတို့ ဖြစ်ကြသည်။ ကျန်မြို့နယ်အသီးသီးတွင် လည်း ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာစိုက်ပျိုး ရာသီချိန်တွင် နေကြာဧကများ အသီးသီး တိုးချဲ့စိုက်ပျိုးသွားကြမည်ဖြစ်သည်။
ဆီထွက်သီးနှံ နေကြာသည် ယခုမှ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်သော သီးနှံမျိုး မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ၁၉၇၆- ၁၉၇၇ ခုနှစ်မှစတင်၍ ဆီစား နေကြာကို စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုး သော မျိုးအများစုမှာ သဘာဝဝတ်မှုန် ကူးမျိုးဖြစ်ကြသည်။ ၁၉၈၄ ခုနှစ်တွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ဆင်းရွှေကြာ (၂) သဘာဝဝတ်မှုန်ကူးမျိုးကိုလည်း ထုတ်လုပ်နိုင်ခဲ့ကြသည်။
သို့ဖြစ်ရာ ဆီထွက်နေကြာစိုက် တောင်သူများသည် အထွက်နှုန်း ကောင်းသော နေကြာမျိုးများကို ရွေးချယ်စိုက်ပျိုးမှသာလျှင် နေကြာ အထွက်နှုန်းအတွက် စိတ်ချရမည် ဖြစ်သည်။ အထွက်ကောင်းနှင့် ဆီထွက် ကောင်း စပ်မျိုးနေကြာမျိုးသစ်များကို မွေးမြူထုတ်လုပ်ခြင်းအားဖြင့် တောင်သူ များ စိုက်ပျိုးသည့် နေကြာမျိုးများမှာ မူလအရည်အသွေးမပျက် အထွက်နှုန်းနှင့် ဆီထွက်နှုန်းများ တိုးတက် ကောင်းမွန်မည့်အပြင် ဝင်ငွေတိုးတက် ရရှိကြမည်ဖြစ်သည်။
ပြည်တွင်းစာသုံးဆီဖူလုံရေး
ထို့ပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြန်မာ နိုင်ငံတစ်နိုင်ငံလုံး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေကြာဧက ပေါင်း ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်သည်။ ထို့ကြောင့် နေကြာ စိုက်တောင်သူများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ တက်ညီလက်ညီ စွမ်းအားပြည့် ပူးပေါင်းဆောင်ရွက်ကြပါလျှင် နေကြာဧက တိုးချဲ့စိုက်ပျိုးထုတ်လုပ် ရေးလုပ်ငန်း အောင်မြင်မှုရရှိမည် ဖြစ်ပေသည်။
ဤသို့ဆိုလျှင် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးမှု အားမာန်များသည် မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့ရောက်ရှိကာ နေကြာအောင်ပွဲဆင့်ကဲရရှိပြီး “နေကြာတစ်ခေတ် ဆန်းသစ်လာတော့မည်” ဖြစ်ပေသည်။
သို့ဖြစ်ရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရရှိရေး အတွက် ဆီထွက်သီးနှံ နေကြာအား တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ကြခြင်း အားဖြင့် သီးနှံစိုက်စွမ်းအား တိုးတက် ရရှိစေမည့်အပြင် နေကြာသီးနှံ အထွက် နှုန်းကိုလည်း တိုးတက်ရရှိနိုင်မည် ဖြစ်သည်။ ထိုအခါ တောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူနေမှုဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။