ပဲခူး ဇွန် ၁၅

 

ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်က တစ်နှစ်(၁)သီးစိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်(၂)သီး စိုက်ပျိုးနိုင်ရေး၊ ယခင်တစ်နှစ်(၂)သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ် (၃)သီး စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  လိုအပ်သောစိုက်ပျိုးရေရရှိရေးကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

 

ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌  ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က အထွက်တိုးစပါးမျိုးတူ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းအသိပညာပေးခြင်းနှင့် စပါးမျိုးရရှိစေရး စီစဉ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ရေငန်ဝင်ရောက်သည့် ဒေသများတွင် ရေငန်ဒဏ်ခံစပါး စံပြကွက်များ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ ဆည်ရေသောက်ဧရိယာများ၌ တစ်နှစ်(၃)သီး အပြည့်အဝစိုက်ပျိုးသွား ရမည်ဖြစ်ကြောင်း၊ အောင်မြင်ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းအပြင် နေကြာကို သီးထပ်၊ သီးညှပ်၊ သီးသန့်စိုက်ခင်းများ အဖြစ်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  အလားတူ မွေးမြူရေးလုပ်ငန်း များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက်  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက  ဖြည့်စွက်တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)