မာလာဝင်းပွင့်ခိုင်

 

ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်း)များ ပန်းတိုင်အထွက်နှုန်းရရှိရန် ဖျက်ပိုးများ(ပိုးမွှား၊ ရောဂါ၊ ပေါင်း)  ကာကွယ်နှိမ်နင်းခြင်းများကို   စတင်မျိုးစေ့ချချိန်မှစ၍   ရိတ်သိမ်းချိန်  တစ်လျှောက်လုံး အချိန်ကိုက် ဆောင်ရွက်သွားရန် အထူးလိုအပ်လှပါသည်။ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ အနေဖြင့် ရာသီအလိုက်ကျရောက်တတ်သော ဖျက်ပိုးများကို သီးနှံစိုက်တောင်သူများ သိရှိစေရန်နှင့် ကြိုတင်ကာကွယ်နှိမ်နင်းမှုများ အချိန်မီဆောင်ရွက်နိုင်ရန် ကြိုတင်သတိပေးချက်  (Early warning) များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထုတ်ပြန်ပေးပို့ခြင်း၊ သီးနှံကာကွယ်ရေးဌာနခွဲ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ကြေညာခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။

 

အင်းဆက်ပိုးမွှား၊ ရောဂါနှင့်ပေါင်းများကို နှိမ်နင်းနည်းလမ်းများ

 

သို့ဖြစ်ပါ၍    ပြည်တွင်းစားသုံးဆီ ဖူလုံနိုင်ရန် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်း)များတိုးချဲ့ စိုက်ပျိုးလျက်ရှိရာ  ပန်းတိုင်အထွက် နှုန်းရရှိရန်အတွက်   ဆီထွက်သီးနှံများတွင် ကျရောက်တတ်သော အင်းဆက်ပိုးမွှား၊ ရောဂါနှင့် ပေါင်းများကို    နှိမ်နင်းနိုင်ရန် အောက်ဖော်ပြပါ ဘက်စုံကာကွယ် နှိမ်နင်း နည်းလမ်းများ   လိုက်နာဆောင်ရွက် သင့်ပါသည်။

ဆီထွက်သီးနှံများတွင် အင်းဆက် ဖျက်ပိုးများ (မြေပဲရွက်ထွင်းပိုး၊ ရွက်စုံ စားခူဝါ၊ ဖိုးလမင်းကျိုင်း၊  သီးလုံး ဖောက်ပိုး၊  ငမြှောင်တောင်) စသည့် လိပ်ပြာဖလံပိုးများ ကျရောက်တတ် သဖြင့် စိုက်ခင်းတွင်ပေါင်းမြက်များ ရှင်းလင်း၍  ပင်ကြွင်းပင်ကျန်များအား မီးရှို့ခြင်း၊ မြေပြင်ချိန်တွင် ခိုအောင်းနေသော ရုပ်ဖုံးများ၊ လောက်ကောင်များကို နှိမ်နင်းရန် ထယ်ထိုးထွန်မွှေခြင်းများကို သီးနှံစိုက်ပျိုးချိန်မတိုင်မီ ဆောင်ရွက် ရမည်ဖြစ်ပါသည်။  အပင်ကြီးထွားချိန်တွင် ကျရောက်တတ်သော ဖလံများကိုဖမ်းယူရန်  တစ်ဧကလျှင်  မီးထောင် ချောက်တစ်ခု ထောင်ခြင်း၊ ထရိုင်ဂိုဂရားမား နဂျီ (Trichogramma) လွှတ်ပေးခြင်းများ  ဆောင်ရွက်ရပါမည်။  (သီးနှံ ကာကွယ်ရေးဌာနခွဲတွင် မှာယူနိုင်ပါသည်)

သီးနှံများ ပင်ပိုင်းကြီးထွားလာချိန်မှစ၍ ရိတ်သိမ်းချိန်အထိ စုပ်စားပိုးများ (ပျပိုး၊ လှေးပိုး၊ ယင်ဖြူပိုး) များ ကျရောက်တတ်သဖြင့် သီးနှံမစိုက်မီ မျိုးစေ့ကို မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်စိုက်ပျိုးခြင်း၊ လေဝင်လေထွက်ကောင်းစေရန် အပင်ကျဲကျဲစိုက်ခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ပိုးမွှားကျရောက်မှုကို ကင်းထောက်ခြင်း၊ နံနက်စောစော စိုက်ခင်းပတ်ဝန်းကျင် လေတင်ဘက်မှ မီးခိုးမှိုင်းတိုက်ခြင်း၊ ခရမ်းချဉ်၊ ဆလတ်၊ ပြောင်းတို့ဖြင့် တွဲဖက်စိုက်ပျိုးခြင်း၊ ပိုးမွှား/ ရောဂါဒဏ်ခံနိုင်ရန် ပိုတက်ရှ် မြေသြဇာကို မဖြစ်မနေထည့်သွင်းခြင်း၊ အဝါရောင်(သို့) အပြာရောင် ပိုးဖမ်း ထောင်ချောက်များဖြင့် ဖမ်းယူခြင်းတို့ ဆောင်ရွက်ရပါမည်။ လိုအပ်ပါက ပိုးသတ်ဆေးကို အသုံးပြုပါ။ ပိုးသတ်ဆေးများကို တစ်မျိုးတည်း ဆက်တိုက်မသုံးဘဲ အလှည့်ကျ အသုံးပြုရန်လိုအပ်ပါသည်။ စိုက်ခင်းပတ်ဝန်းကျင်တွင် ပင့်ကူများ၊ နှာတံရှည်နှံကောင်များ၊ ပုရွက်ဆိတ်များ၊ ပုစဉ်းများ၊ လိပ်ခုံးကျိုင်းများ၊ ဇာတောင်ပိုးများကဲ့သို့သော ဇီဝထိန်း ချုပ်ပိုးမွှားများကို ထိန်းသိမ်းနိုင်ရန် ပန်းအဖြူ၊ ပန်းအဝါပွင့်သော အပင်များ (ဥပမာ-ရုံးပတီ၊ ပန်းနှမ်း၊ ပိုက်ဆံလျှော်) များ စိုက်ပျိုးပေးရမည် ဖြစ်ပါသည်။

 

ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီး

 

ဆီထွက်သီးနှံများတွင် ကျရောက် သောရောဂါများကို ဘက်စုံကာကွယ် နှိမ်နင်းနည်းများမှာ သီးနှံရိတ်သိမ်းပြီး ပါက ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးခြင်း၊ ထယ်ထိုးမြေလှန်ခြင်း၊ ရောဂါခံနိုင်ရည်ရှိသောမျိုးကို အသုံးပြု စိုက်ပျိုးခြင်း၊ ရောဂါကင်းသော စိုက်ခင်းမှ မျိုးစေ့ကိုရွေးချယ်စိုက်ပျိုးခြင်း၊ မြေပြင်စဉ်တွင် မြေဆောင်မှိုရောဂါများ ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဒါးမား (Trichoderma) မှိုသတ်ဆေးကို ထည့်သွင်းခြင်း၊ မစိုက်ပျိုးမီ မျိုးစေ့များကို မျိုးစေ့လူးနယ်မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်ခြင်းများ ဦးစွာဆောင်ရွက် ရပါမည်။ သီးနှံစိုက်ပျိုးချိန်တွင် အပင်စိပ်စိပ် စိုက်ခြင်းကိုရှောင်ကြဉ်ခြင်း၊ စိုက်ခင်းအတွင်းရေမဝပ်စေရန် ရေထုတ် မြောင်းများထားရှိခြင်း၊ ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာများကို အသုံးပြုခြင်း၊ နိုက်ထရိုဂျင်ဓာတ်မြေဩဇာ တစ်ခုတည်းကို အသုံးမပြုဘဲ သီးနှံပင် အတွက် လိုအပ်သော အာဟာရဓာတ်ပြည့် စုံအောင်ထည့်သွင်းရန် ထောက်ခံထားသည့်ပမာဏ ပြည့်မီအောင်ထည့် သွင်းခြင်း၊ ရောဂါဒဏ်ခံနိုင်ရန် ပိုတက်ရှ် မြေသြဇာကို မဖြစ်မနေ ထည့်သွင်းအသုံးပြုခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ရောဂါကျရောက်မှု ရှိ/မရှိ ပုံမှန် ကင်းထောက်ခြင်းများကို အချိန်ကိုက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဗိုင်းရပ်စ်နှင့် မိုက်ကိုပလပ်စ်မာ ရောဂါလက္ခဏာ ပြနေသော အပင်များကို နုတ်ယူဖျက်ဆီး မီးရှို့ပါ။ ၎င်းရောဂါများသည် အပင်ငယ်စဉ် စုပ်စားပိုးများကြောင့် ကူးစက်မှုဖြစ်သဖြင့် အပင်ငယ်စဉ်တွင် စုပ်စားပိုးများ ကျရောက်မှုမရှိအောင် ဆောင်ရွက်ပါ။ ကာကွယ်နှိမ်နင်းရန် လိုအပ်ပါက ရောဂါသတ်ဆေးကို အသုံး ပြုပါ။ ရောဂါသတ်ဆေးများကို တစ်မျိုး တည်း ဆက်တိုက်မသုံးဘဲ အလှည့်ကျ အသုံးပြုရန် လိုအပ်ပါသည်။

 

အစောပိုင်းကြီးထွားမှုနှေးသော သီးနှံပင်များဖြစ်

 

ဆီထွက်သီးနှံများသည် သီးနှံပင် သက်တမ်းအစောပိုင်းကြီးထွားမှုနှေးသော သီးနှံပင်များဖြစ်သောကြောင့် ပေါင်းကြောင့် အထွက်နှုန်းဆုံးရှုံးမှုမှာ ၁၅ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းအထိ ရှိပါသည်။ ပေါင်းပုံမှန် မနှိမ်နင်းနိုင်လျှင် အထွက်နှုန်းလျော့နည်းနိုင်သည့်အပြင် ပေါင်းပင်များ၏ အာဟာရလုယူ စားသုံးမှုကြောင့် ဆီထွက်သီးနှံများ၏ ဆီပါဝင်မှုကိုပါ ကျဆင်းစေပါသည်။ ဆီထွက်သီးနှံများတွင် ပေါက်ရောက် တတ်သော ပေါင်းအမျိုးအစားများမှာ ဝမ်းဘဲစာမြက်၊ ဆင်ငိုမြက်၊ လိပ်ရင်ဘတ်၊ မြူ၊ မြေစာမြက်၊ လက်သဲခွမြက်၊ ပင့်ကူ ထိပ်ပိတ်၊ ဟင်းနုနွယ်ဆူးပေါက်၊ လေးခွမြက်၊ မြက်သီး၊ တောကြက်မောက် ကလေး၊ ကြက်မောက်ဖြူ၊ မြက်မုန်ညင်း ဝါ၊ မြက်မုန်ညင်းဥနက်၊ ရှမ်းပြေး၊ ခွေးသေးပန်းတို့ ဖြစ်ပါသည်။

 

ပေါင်းဘက်စုံကာကွယ်နှိမ်နင်းရေး နည်းလမ်းများ

 

ဆီထွက်သီးနှံများတွင် ပေါင်းဘက်စုံ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများမှာ သီးနှံအလိုက် မျိုးရွေးချယ်ရာတွင် ယှဉ်ပြိုင်အားကောင်းသော၊ အောင်မြင်သော မျိုးသန့်မျိုးစေ့များ အသုံးပြုခြင်း၊ ကောင်းစွာဆွေးမြည့်သော သဘာဝ မြေသြဇာနှင့် လယ်ယာစွန့်ပစ်ပစ္စည်းများ အသုံးပြုခြင်း၊ ပေါင်းမျိုးစေ့နှင့် ပင်ပိုင်း ဆိုင်ရာ အစိတ်အပိုင်းများမှ မျိုးပွား ခြင်းမရှိအောင် ဟန့်တားခြင်း၊ လယ်ယာ သုံးကိရိယာများမှ မပြန့်ပွားစေရန် အတွက် တစ်ခင်းမှတစ်ခင်းသို့ကူးရာတွင် သေချာစွာသန့်ရှင်းခြင်း၊ မစိုက်ခင် ထွန်ယက်ပြီး မြေပေါ်တွင် အမြန်ကြီးသော ပဲမျိုးရင်းဝင်ပင်များ (ဥပမာ - ညံပင်၊ ပိုက်ဆံလျှော်၊ မြေနိမ့်ချယ်ရီ) စိုက်ပြီးထယ်ထိုးထွန်မွှေခြင်း၊ ပေါင်းစေ့ များ နေရောင်ခြည်မရရှိစေရန်နှင့် ကြီးထွားမှု အဟန့်အတားဖြစ်စေရန်အတွက် ကောက်ရိုးပြတ်များ၊ ပင်ကြွင်း များဖြင့်ဖုံးအုပ်ခြင်း နည်းစနစ်အသုံးပြုခြင်း၊ သီးနှံအလိုက် စိုက်ပျိုးနည်းလမ်း များဖြင့် ကာကွယ်ခြင်း (သီးညှပ်စိုက်ခြင်း၊ ကြားထွန်ဝင်ခြင်း၊ အပင်သားခွဲခြင်း၊ အပင်မှုန်းခြင်း၊ ပေါင်တင်ခြင်း) လုပ်ငန်းများကို အတန်းမပိတ်ခင်အထိ ဆောင်ရွက်ခြင်း၊ သီးနှံပင်သက်တမ်း အစောပိုင်း (သီးနှံသက်တမ်း၏ သုံးပုံတစ်ပုံ / အရေးကြီးသောပေါင်း ယှဉ်ပြိုင်ကာလ) အတွင်းတွင်ပေါင်းမြက် ရှင်းလင်းခြင်း၊ ပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် သက်တမ်းပေါ် မူတည်၍ သင့်တော်သော ပေါင်းသတ် ဆေးကို သေချာစွာရွေးချယ်၍ အညွှန်းစာ အတိုင်း မှန်ကန်သောဆေးနှုန်းထားကို အသုံးပြု၍ နှိမ်နင်းခြင်း၊ ပြီးခဲ့သော ရာသီက စိုက်ပျိုးသီးနှံတွင် အသုံးပြုသော ဆေးအညွှန်းစာတွင် သီးလှည့်စိုက်ရန် စောင့်ဆိုင်းရမည့်ကာလ ပါရှိသည့် သီးနှံများကိုစိုက်ပါက အညွှန်းအတိုင်း လိုက်နာခြင်း၊ မစိုက်ခင် မြေဖျန်းဆေး အသုံးပြုပါက မစိုက်ခင် နှစ်ပတ်အလိုတွင် အသုံးပြုပြီးမှ စိုက်ပျိုးခြင်း၊ (မြေဖျန်း ဆေးအတွက် အစိုဓာတ်ရှိရန် လိုအပ်ပြီး မရှိပါကအသုံးပြုပြီး တစ်ပတ်အတွင်း သွင်းရေ (သို့) မိုးရေရရန် ဆောင်ရွက်ရန်)၊ အပင်မပေါက်မီသုံးသော ဆေးအား မျိုးစေ့ချပြီး (၀-၆) ရက်အတွင်း အသုံး ပြုရန်နှင့် စိုက်ပြီး (သို့) မျိုးစေ့ချပြီး ၂၁ ရက်အကြာတွင် ထပ်မံပေါက်သောပေါင်းများကို ပေါင်းအမျိုးအစားအလိုက်၊ သီးနှံအလိုက်ရွေးချယ်၍ပေါင်းသတ်ဆေး အသုံးပြုခြင်း၊ ရွက်ဖျန်းပေါင်းသတ်ဆေး အသုံးပြုရန် ထိရောက်သောအချိန်မှာ အပူချိန် ၁၅-၂၅ စင်တီဂရိတ်ရှိရန် နံနက် ၈-၉ နာရီခန့်နှင့် ညနေ ၃-၄ နာရီအတွင်း အသုံးပြုရန်ဖြစ်သည်။ ဆေးဖျန်းပြီး မိုးလွတ်ရမည့်ကာလကို လည်း အညွှန်းပါအတိုင်းလိုက်နာရန် ဖြစ်ပါသည်။ ဖျက်ပိုးများနှိမ်နင်းရာတွင် ကျရောက်မှုများ၍ လိုအပ်မှသာ ဓာတုပိုးသတ်ဆေးများ အသုံးပြုသင့်ပါသည်။ ဖျက်ပိုးသတ်ဆေး တစ်မျိုးတည်းကို အသုံးပြုနှိမ်နင်းခြင်းသည် ပတ်ဝန်းကျင်တွင်ရှိသော မိတ်ဆွေပိုးများသေစေခြင်း၊ သီးနှံများတွင်ဓာတ်ကြွင်းပါဝင်မှုမြင့်မားခြင်း၊ စားသုံးသူများတွင် ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်စေခြင်းနှင့် ပိုးသတ်ဆေးပက်ဖျန်းသူများ အားလုံး တို့တွင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရေရှည်တည်တံ့ပြီး အထွက်နှုန်းကောင်း၍ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သော ဆီထွက်သီးနှံ များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် သီးနှံ ကာကွယ်ရေးဌာနခွဲမှ အကြံပြုထားသော ဖျက်ပိုး (ပိုးမွှား၊ ရောဂါ၊ ပေါင်း) ဘက်စုံ ကာကွယ်နှိမ်နင်းနည်းများကို လိုက်နာ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။