နေပြည်တော် ၂၀ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ၊ All China Youth Federation နှင့် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး တို့ပူးပေါင်း၍ China-Myanmar Youth Webinar ကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပသည်။
Webinar တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ နှစ်နိုင်ငံလူငယ်များပါဝင်သည့် Online အစည်းအဝေးကို ကျင်းပနိုင်ခြင်းဖြင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အပံ့ဖြစ်စေပါကြောင်းနှင့် မြန်မာနိုင်ငံ၏ လူငယ်ရေးရာ မူဝါဒရေးဆွဲထားရှိမှု အခြေအနေများနှင့် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၀-၂၀၂၄) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ All China Youth Federation မှ Mr. Wu Wei, Deputy Secretary-General က တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် အေးအတူပူအမျှ နေထိုင်ရေးကို ဦးတည်ပါကြောင်း၊ အခက်အခဲများကို အပြန်အလှန်ကူညီကြခြင်းဖြင့် အသစ်တီထွင်မှုများကို ဖန်တီးကြရန်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ မြန်မာသံရုံး၊ ပေကျင်းမှ သံမှူးကြီး ဦးဟန်ဝင်းအောင်က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယခုအွန်လိုင်း ဆွေးနွေးပွဲမှသည် နှစ်နိုင်ငံလူငယ်များအကြား ပိုမိုထိတွေ့စေနိုင်ပြီး ပညာရေး၊ ယဉ်ကျေးမှု၊ နည်းပညာနယ်ပယ်တို့တွင် အမြင်ချင်းဖလှယ်နိုင်ရေးအတွက် မျှော်လင့်ပါကြောင်း ဆွေးနွေးပြီး နှစ်နိုင်ငံစွန့်ဦးတီထွင် လူငယ်ကိုယ်စားလှယ်များက လက်ရှိ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးလုပ်ငန်းများတွင် အသစ်တီထွင်ဖန်တီးမှုများနှင့် စိန်ခေါ်မှုများအပေါ် ကျော်လွှားနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
အဆိုပါ Webinar သို့ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီမှ လူငယ်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြကာ နှစ်နိုင်ငံအတွေ့အကြုံဖလှယ်ခြင်း အစီအစဉ်မှ လူငယ်များအချင်းချင်း email နှင့် social media များကတစ်ဆင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


