၁၀ ဧပြီ

 

မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် တရုတ်နိုင်ငံ၌ ကျင်းပမည့် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရရန် ရွေးချယ်ခံထားရပြီး အဖွင့်ပွဲကို ဧပြီ ၂၈ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

 

Chinese 8 Ball ပြိုင်ပွဲကို လေးလကြာကျင်းပမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်မှ သြဂုတ် ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကစားသမားရှစ်ဦးဖြင့် ကျင်းပမည်ဖြစ်သည်။

 

ပထမအဆင့်ပွဲစဉ်များကို ဧပြီနှင့် မေလတွင် ကျင်းပမည်ဖြစ်ပြီး ဘုန်းမြင့်ကျော်သည် အုပ်စုပတ်လည်ပွဲများအဖြစ် ဧပြီ ၂၈ ရက်တွင် Yu Hai Tao၊ ဧပြီ ၂၉ ရက်တွင် Li Bo၊ မေ ၃ ရက်တွင် Liu Hai Tao၊ မေ ၅ ရက်တွင် Zheng Yu Bo၊ မေ ၁၅ ရက်တွင် Yang Fan၊ မေ ၁၆ ရက်တွင် Wu Zheng Yu၊ မေ ၃၁ ရက်တွင် Chu Bing Jie တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

ပြိုင်ပွဲကို ရှစ်ဦးပတ်လည်စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့် ၁ မှ ၄ အထိ ရရှိသည့်ကစားသမားလေးဦးနှင့် အဆင့် ၅ နှင့် ၆ Play-off ကစားပြီး အနိုင်ရသည့်ကစားသမားတစ်ဦး၊ စုစုပေါင်း ငါးဦးမှာ နောက်တစ်ဆင့် ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် ဆုကြေးငွေမြင့်မားစွာ ချီးမြင့်မည်ဖြစ်ပြီး ဆုကြေးစုစုပေါင်း မြန်မာကျပ်ငွေဖြင့် တွက်ပါက ကျပ်သိန်း ၂၆၀၀ ဝန်းကျင်ရှိမည်ဖြစ်ကာ ပထမဆုရသည့်ကစားသမားမှာ ဆုကြေး မြန်မာကျပ်ငွေဖြင့် တွက်ချက်ပါက ကျပ်သိန်း ၁၀၀၀ ဝန်းကျင် ရရှိနိုင်မည်ဖြစ်သည်။ ဘုန်းမြင့်ကျော် (ခ) မောင်မောင်သည် လက်ရှိတွင် တရုတ်နိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

 

ယင်းပြိုင်ပွဲမှာ ဆုကြေးငွေမြင့်မားသည့် ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲကို စပွန်ဆာပေးသည့်ကုမ္ပဏီက ကစားသမားများ စိတ်ကြိုက်ရွေးချယ်သော်လည်း ကမ္ဘာ့ချန်ပီယံနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိသည့် ကစားသမား များကိုသာ ယှဉ်ပြိုင်ခွင့်ပေးခြင်းဖြစ်သည်။

 

ဘုန်းမြင့်ကျော်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်ကတည်းက တရုတ်နိုင်ငံ၌ ကျင်းပသည့် 9 Ball နှင့် 8 Ball ပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိနေသလို ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ Pool ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခုရခဲ့သောကြောင့် ယခုပြိုင်ပွဲတွင် အခြားတရုတ်နာမည်ကြီး ကစားသမားများကို ကျော်ဖြတ်ကာ ရွေးချယ်ခံရခြင်း ဖြစ်သည်။

 

ဘုန်းမြင့်ကျော် (ခ) မောင်မောင်သည် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် Pool 9 Ball ပြိုင်ပွဲ၌ တစ်ဦးချင်းရွှေတံဆိပ်၊ အောင်မိုးသူနှင့် တွဲဖက်၍ နှစ်ယောက်တွဲပြိုင်ပွဲတို့၌ ရွှေတံဆိပ်ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်