၂၇ ဧပြီ
မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ (ခ) မောင်မောင်သည် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမပွဲစဉ်ကို ဧပြီ ၂၈ ရက် (ယနေ့) ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Chinese 8 Ball ပြိုင်ပွဲကို ဧပြီ ၁၈ ရက်ကတည်းက ကျင်းပလျက်ရှိသော်လည်း ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲ၏ ဒုတိယပတ်မှသာ ပွဲစဉ်များ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပထမအဆင့်ပွဲစဉ်များကို နှစ်ရက်ဆက်တိုက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဧပြီ ၂၈ ရက်တွင် ယူဟိုင်ထောင်၊ ဧပြီ ၂၉ ရက်တွင် လီဘိုတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယူဟိုင်ထောင်သည် ဘုန်းမြင့်ကျော်နှင့်အတူ ပထမပွဲစဉ် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ဒုတိယနေ့တွင် ယှဉ်ပြိုင်ကစားရမည့် လီဘိုမှာမူ တတိယပွဲစဉ်ယှဉ်ပြိုင်ရကာ ပြီးခဲ့သည့်နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည်။ ယင်းပြိုင်ပွဲကျင်းပသည့် စည်းမျဉ်းအရ အနိုင်ရသည့် ကစားသမားမှာ ရမှတ် ၆၀၀၀၊ ရှုံးနိမ့်သည့်ကစားသမားမှာ ရမှတ် ၂၀၀၀ ရရှိမည်ဖြစ်သည်။
ပထမအဆင့်တွင် ရှစ်ဦးပတ်လည် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့် (၁) မှ (၄) အထိရရှိသည့် ကစားသမားလေးဦး၊ အဆင့် (၅) နှင့် (၆) တို့ Play-off ကစားပြီး အနိုင်ရသည့်ကစားသမား စုစုပေါင်းငါးဦးမှာ ဒုတိယအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
ဘုန်းမြင့်ကျော်သည် ယခုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရှန်ဟိုင်းမြို့၌ ကျင်းပသည့် 8 Ball ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမပြိုင်ပွဲတွင် ၁၆ ဦးအဆင့်မှ ထွက်ခဲ့ရပြီး ဒုတိယပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်


