ရန်ကုန် ၂၅ သြဂုတ်

 

တရုတ်နိုင်ငံ ချောင်ရန်မြို့၌ ကျင်းပလျက်ရှိသော 2020 8 Battle Chinese Pool Super Match (Chinese 8 Ball) ပြိုင်ပွဲ၏ တတိယနေရာလုပွဲကို သြဂုတ် ၂၅ ရက် ဒေသစံတော်ချိန် ၉ နာရီခွဲ (မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ) က ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား အားတီသည် ပြိုင်ဘက်ကစားသမား ယုဟိုင်တောင်းကို ၂၁ ပွဲ ၁၆ ပွဲဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် စတုတ္ထဖြင့်သာ ကျေနပ်လိုက်ရသည်။

 

အားတီသည် ဒုတိယပိုင်းတွင် နိုင်ပွဲ ၁၀ ပွဲ ရရှိအောင် ကစားနိုင်ခဲ့သော်လည်း ပထမပိုင်း၌ ၁၄ ပွဲ ၆ ပွဲဖြင့် ရှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည့်အတွက် ကွာဟမှုကြီးမားခဲ့ခြင်းကြောင့် အမီလိုက်ရာ၌ အခက်အခဲဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ပြိုင်ဘက် ယုဟိုင်းတောင်းသည် ဒုတိယပိုင်း၌ နိုင်ပွဲ ၇ ပွဲသာ ရရှိခဲ့သည်။

 

ယုဟိုင်တောင်းသည် ယခုပွဲတွင် စခွဲဘောများ အထူးကောင်းမွန်ခဲ့မှုဖြင့် ပွဲကို တောက်လျှောက် ဦးဆောင်စီးထားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ အားတီကမူ ယခုပွဲစခွဲဘောများတွင် ယခင်ပွဲများနှင့် မတူအောင် အားနည်းချက် ရှိခဲ့သည်။

 

တတိယဆု ရရှိသွားသော ယုဟိုင်တောင်းသည် မြန်မာငွေတန်ဖိုးဖြင့် ကျပ်သိန်း ၂၀၀ ဆုကြေးရရှိခဲ့ပြီး အားတီက ကျပ်သိန်း ၁၀၀ ရရှိခဲ့သည်။

 

အာကာစိုး