ဆိပ်ကြီးခနောင်တို မတ် ၂
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆိပ်ကြီးအရှေ့ရပ်ကွက် တွံတေးတူးမြောင်းပိုင်မြေနေရာရှိ အဆောက်အအုံနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်နိုင်ရေး လူထုတွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အမှာစကားပြောကြားပြီး စီမံကိန်း ဒါရိုက်တာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးဇော်လွင်က တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် စပ်လျဉ်း၍သက်ဆိုင်ရာ ပြည်သူလူထုအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆိပ်ကြီးအရှေ့ ရပ်ကွက်တွံတေးတူးမြောင်းပိုင် မြေနေရာရှိ အဆောက်အအုံနှင့် မြေနေရာများအတွက် နစ်နာကြေးအား သက်ဆိုင်ရာ ပြည်သူလူထုထံသို့ မတ် ၄ ရက်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စနစ်တကျ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)


