ရန်ကုန် ဇန်နဝါရီ ၂

 

မြန်မာ့လယ်ယာထွက်ကုန်စည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၇)၊ (၂၈)နှင့် (၂၉)တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီတင်၊ ချ ဆိပ်ကမ်းတံတားသစ်များ တည်ဆောက်ရေးနှင့် ဆူးလေဆိပ်ကမ်း တံတားနှင့် သိုလှောင်ရုံ အမှတ်(၁၊ ၂၊ ၃ နှင့် ၄)တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ (Memorandum Of Agreement)များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆက်စပ်ကုမ္ပဏီများ၊ Myanmar China Harbour Engineering (MCHEC)ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တွင် ဆန်တင်ပို့မှု တန်ချိန် ၁ ဒသမ ၇ သန်းသာ ရှိခဲ့သော်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီမှ ဒီဇင်ဘာအထိ ၉ လတာကာလအတွင်း တန်ချိန် ၂ ဒသမ ၁ သန်းအထိ တင်ပို့ထားခဲ့ပြီး ဖြစ်ကြောင်း၊ ပြောင်းတင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၃ သန်းခန့်သာ ရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ၉ လအတွင်း တန်ချိန် ၁ ဒသမ ၆ သန်းခန့်အထိ တိုးတက်ကိုင်တွယ်လာရသည့်အတွက် အထွေထွေကုန်စည် ကိုင်တွယ်မှုအပိုင်းတွင် ဆိပ်ကမ်းတံတားများ လိုအပ်လာသည့်အပြင် အလုပ်တွင်စေမည့် ခေတ်မီကုန်ကိုင်တွယ်စက်ကိရိယာများကို မဖြစ်မနေတပ် ဆင်အသုံးပြုပြီး စွမ်းဆောင်နိုင်မှု (Productivity) ကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပို့ကုန် ၂ ဆတိုးမြှင့်နိုင်ရေး အထောက်အကူပြုလုပ်ငန်းစဉ်အဖြစ် ယခုလို ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ် စက်ကိရိယာများကို တိုးချဲ့တည်ဆောက်ထားနိုင်ခြင်းဖြင့် တိုးတက်လာမည့် ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန်အတွက် အဆင်သင့်ဖြစ်မှု (Readiness)ကို ရရှိစေနိုင်မည်ဖြစ်သည့်အတွက် ယခု စီမံကိန်းလုပ်ငန်း ၄ ခု စလုံးကို နှစ်ဖက်အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရန် လိုကြောင်းနှင့် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် အစိုးရ-ပုဂ္ဂလိက (G2B)၊ ပုဂ္ဂလိက-ပုဂ္ဂလိက (B2B) ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမို၍ တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

သီလဝါအကွက်အမှတ်(၂၇)၌ စားသုံးဆီဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MEICO) နှင့် MCHEC၊ သီလဝါဆိပ်ကမ်း အကွက်အမှတ်(၂၈)၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက်(MAPCO)နှင့် MCHEC၊ သီလဝါဆိပ်ကမ်း အကွက်အမှတ်(၂၉)၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်(MAGDPL)နှင့် MCHEC၊ ဆူးလေသိုလှောင်ရုံ အမှတ်(၁၊ ၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတားများတွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် MCHEC တို့အကြား သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းများ၏ ကနဦး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁ သန်းဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်