အမာ ၃၀   နိုဝင်ဘာ

 

ဖျာပုံဆက်သွယ်ရေး ကားလမ်းပေါ်ရှိ မကြာခင်က ပြိုကျသွားသော ဆိပ်မချောင်းကူး ဘေလီတံတားအား ခရီးသွားပြည်သူများ အမြန်အဆင်ပြေစေရေးအတွက် တံတား တည်ဆောက်ရေး အထူးအဖွဲ့ ၁၆ မှ ရက်သတ္တပတ်နှစ်ပတ်အတွင်း အပြီးတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီး၍ လူ၊ ကားနှင့် ဆိုင်ကယ်များ ဖြတ်ကူးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

ဆက်သွယ်ရေး ကားလမ်းမပေါ်ရှိ ပေ ၂၈၀ ရှည်သော ဆိပ်မချောင်းကူး ဘေလီတံတားသည် နိုဝင်ဘာ ၉ ရက်နေ့ညက ပြိုကျပျက်စီးခဲ့ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုပြီး အဆင့်ဆင့် တင်ပြခဲ့၍ တိုင်းလမ်းဦးစီးမှတံတားအထူး အဖွဲ့ ၁၆ အား နှစ်ပတ်အတွင်း အပြီးတည်ဆောက်နိုင်ရေး ညွှန်ကြားခဲ့သည်။

 

တံတားအထူးအဖွဲ့ ၁၆ မှလိုအပ်သော ပစ္စည်းများ စုဆောင်းပြီး နောက်နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမာဘက်ခြမ်း ရေလယ်တိုင် P3 အား ပန္နက်တင် မင်္ဂလာပြုလုပ်၍ ပိုင်တိုင်ရိုက်စတင် ဆောက်လုပ်ခဲ့ရာ ယနေ့ ၁၂ ရက်မြောက်နေ့ နံနက်ပိုင်းအချိန် ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။

 

ဆောက်လုပ်ပြီးသွားသော တံတားသည် အရှည် ပေ ၂၈၀၊ အကျယ် ၁၆ ပေရှိပြီး ရေပြင် အထက်အမြင့် ၁၇ ပေ ရှိကြောင်း သိရသည်။ တံတားအား တာဝန်ယူဆောက်လုပ်နေသော တာဝန်ခံ EE ဦးမင်းခိုင်မှ တံတားခံနိုင်ဝန်ကို မိမိတို့ဆောက်လုပ်ရေး ဖောကားအားကျောက်ကြီး အပြည့်တင်ဆောင်ပြီး တံတားပေါ် ဖြတ်မောင်းစမ်းသပ်ခဲ့ကြောင်း တံတားအားခံနိုင်ဝန် ၅ တန် သတ်မှတ်ပေးထားပြီး တံတားပေါ်၌ လူ၊ ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ပြောသည်။ ယခုအခါ ခရီးသည်များ အခက်အခဲမဖြစ်တော့ဘဲ အမာဆိပ်မဖျာပုံမြို့သို့ တစ်ဆက်တည်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

 

ဝင်းမြင့်အောင်(ပြန်/ဆက်)