ဆိပ်ဖြူ ၁၁ ဇွန်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းရှိ ပဲတီစိမ်းစိုက်ခင်းများ အသီးနှုန်းမြင့်မား၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ ၂၀၂၀ နွေရာသီတွင် အခြားသီးနှံ စိုက်ဧက ၅၀ဝ စိုက်ပျိုးနိုင်ရေးအတွက် ဧရာဝတီမြစ်မှ ရေခေါ်မြောင်းကြီးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅ ဒသမ ၇ သန်း၊ ဒီဇယ်ဂါလန် ၇၀ဝ၀ ခွင့်ပြု၍ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန (ရေအရင်းအမြစ်) အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ တာဝန်ခံအင်ဂျင်နီယာ ဦးစံကျော်ဝင်းနှင့် ဝန်ထမ်းများ၊ ရေပေးဝေရေး ကော်မတီဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရက ဒေသခံတောင်သူများ စိုက်ပျိုးထုတ်ကုန်မြင့်မားစေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဒေသခံပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ၂၀၁၉ ခုနှစ် နွေရာသီတွင် ဧရာဝတီမြစ်မှ ရေခေါ်မြောင်းတူဖော်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့တူးဖော်ပေးရာတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ပဲတီစိမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း၍ ပဲတီစိမ်းဈေးကောင်းရရှိခြင်း၊ မိုးစပါးစိုက်ပျိုးရန် ပျိုးထောင်ရေနှင့် စိုက်ပျိုးရေကို စော၍ရရှိခဲ့သည့်အတွက် ယခုနှစ်နွေရာသီတွင် တောင်သူများက သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြတောင်းဆိုခဲ့ကြသည်။
ထိုသို့ ဒေသခံတောင်သူများ၏ နွေသီးနှံစိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုရအဖွဲ့မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဇန်နဝါရီ ၂၇ ရက်မှ မတ်လ ၁၀ ရက်အထိ သောင်တူးလှေများ၊ ယာဉ်ယန္တရားကြီးများအသုံးပြု၍ ရေခေါ်မြောင်းအရှည် ပေ ၂၆၀ဝ၊ မြောင်အကျယ် ပေ ၄၀ ရှိ ရေခေါ်မြောင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ စီမံကိန်းဧရိယာအတွင်း လျာထားဧက ပြည့်မီအောင် စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရေကော်မတီအနေဖြင့် တောင်သူတို့ စိုက်ပျိုးရေလိုအပ်ချက် အပေါ်မူတည်၍ စိုက်ပျိုးရေ အကျိုးရှိရှိ စနစ်တကျသုံးစွဲနိုင်ရန် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသလို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများအတွက် အထွက်နှုန်းတိုး ရေဆင်း(၁၄) ပဲတီစိမ်းမျိုးများ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးနည်းစနစ်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးထားကြောင်း၊ ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် မြေပြင်စိုက်ပျိုးစရိတ် တစ်ဧကလျှင် ကျပ်(၁)သိန်းခွဲဝန်းကျင် ကုန်ကျပြီး မြစ်ရေတင်စီမံကိန်းမှ ရေသွင်းစိုက်ပျိုးရခြင်းအတွက် ကုန်ကျမှုသက်သာကာ ပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်း၍ သီးနှံအထွက်နှုန်းမြင့်မားလျက် လက်ရှိပဲတီစိမ်းဈေးနှုန်းမှာလည်း တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲဝန်းကျင် ဈေးရရှိနေသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးထံမှ သိရှိရသည်။ အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် နွေရာသီ အခြားသီးနှံ ဧက ၅၀ဝ စိုက်ပျိုးထားရှိပြီး ပဲတီစိမ်းကို ဧက ၂၀ဝ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
စိုးလင်းနိုင်(ပြန်/ဆက်)


