ဆိပ်ဖြူ ၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ် လျှပ်စစ်မြစ်ရေတင် စနစ်တွင် စိုက်ပျိုးထားရှိသော စပါးခင်းများအတွက် စပါးအောင်ရေပြည့်ဝစွာရရှိရေး ဆောင်ရွက် ပေးနေကြောင်း သိရှိရသည်။
အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်တွင် ၂၀၁၉ မိုးသီးနှံအတွက် စပါး ၅၂၀ ဧက၊ အခြားသီးနှံ ၄၈၀ ဧကတို့ကို ဒေသခံတောင်သူများ စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မြစ်ရေတင်မှ တောင်သူများ၏ စိုက်ပျိုးရေပြည့်ဝစွာ ရယူနိုင်ရေးအတွက် ဧရာဝတီမြစ်မှ ရေသွယ်မြောင်ကြီးများ ဖောက်လုပ်၍ ရေတင်စနစ် (၃)ခု၊ ပင်မမြောင်း(၁)ခု၊ လက်တံမြောင်း (၁၀)ခုတို့ဖြင့် စိုက်ပျိုးရေ ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် မိုးစပါးအောင်ရေ ပေးဝေနိုင်ရေးအတွက် မြစ်ရေတင်မှ ဧရာဝတီမြစ်ကြီးမှ ရေသွယ်မြောင်းနှင့် ပွန်တွန် ရေဝပ်ကျင်းများကို သောင်တူးစက်လှေများ၊ ဘက်ဟိုး (၁)စီးတို့ဖြင့် ဆောင်ရွက်ခြင်း၊ လက်တံမြောင်းများ ပြုပြင်ဆောင်ရွက်နေကြောင်း သိရှိရပြီး ရေပေးဝေရေးကော်မတီအနေဖြင့် စပါးအောင်ရေ ပေးလွှတ်ချိန် တောင်သူများ စိုက်ပျိုးရေ စနစ်တကျရယူနိုင်ရေးတို့ကို ဆော်သြ တိုက်တွန်းပေးမှုများ ဆောင်ရွက်လျက်ရှိသည်။
အောက်ဆိပ် မြစ်ရေတင်တွင် မိုးစပါးကို ဆင်းသုခနှင့် ဧရာမင်းစပါးများကို စိုက်ပျိုးထားရှိကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိုးစပါးရိတ်သိမ်းပြီး ကုလားပဲနှင့် ပဲကြီးစိုက်ပျိုးမည့်သူများအတွက် စိုက်ပျိုးရေကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေနှုန်းထားများကို ယခင်နှုန်းထားအတိုင်း မိုးစပါးတစ်ဧက တစ်ရာသီအတွက် (၆၀ဝ၀)ကျပ်၊ အခြားသီးနှံ တစ်ဧက (၃၀ဝ၀)ကျပ်ဖြင့်သာ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


