ဆိပ်ဖြူ ၂၀ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆိပ်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းလျက် အောက်တိုဘာ ၁၉ ရက်က ကျေးရွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများတို့အား အသိပညာဗဟုသုတများ ရရှိစေရေးနှင့် အစားအသောက်များနှင့် ပတ်သက်၍ ရှောင်ရန်ဆောင်ရန်များ သိရှိစေရန် ရည်ရွယ်လျက် အသိပညာပေး ဟောပြောပွဲပြုလုပ်သည်။
ရှေးဦးစွာ ကျေးရွာတာဝန်ခံ ဦးစိုးလွင်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်နေလင်းက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်း စတင်ပေါ်ပေါက်လာပုံနှင့် ဉပဒေများကိုလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ချိုဝေလွင်က ကုန်ပစ္စည်းများ ထုတ်ပိုးမှုစနစ်နှင့် ထုတ်ပိုးရာတွင် ပါရှိရမည့် အချက်အလက်များအား အသီးသီး ရှင်းလင်းပြောကြားကြပြီး သိရှိလိုသည်များအား ပြန်လည်ဖြေရှင်း ပြောကြားကြသည်။
ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အသိပညာပေး လက်ကမ်း စာစောင်များအား တက်ရောက်လာကြသည့် ကျေးရွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကိုမျိုး (ယောဧရာ)


