ဆိပ်ဖြူ ၁၇ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်းကိုယ်တိုင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း၍ ယခင်နှစ်ထက် ဂန္ဓမာပန်း ဈေးပိုမိုရရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူအများသည် အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်နှင့် ပန်းများကို ဥယျာဉ်ခြံမြေများ၌ နှစ်ပတ်လည်စိုက်ပျိုး၍ ထွက်ရှိလာသည့် ကုန်စိမ်းနှင့် ပန်းများကို ဆိပ်ဖြူမြို့နှင့် ချောက်မြို့ ဈေးကြီးများသို့ ရောင်းချလုပ်ကိုင်ကြပြီး လက်ရှိအချိန်တွင် ဂန္ဓာပန်းများ လှိုင်လှိုင်ပေါ်ထွက်နေပြီး ဈေးကွက်ရရှိနေကြာင်း သိရသည်။
ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်းစိုက်ပျိုးသူများသည် ပြင်ဦးလွင်မှ ဂန္ဓမာပျိုးများ တစ်ပင်လျှင် (၁၅)ကျပ်နှုန်းဖြင့် မှာယူ၍ ဝါဆိုလနှင့် ဝါခေါင်လတို့တွင် စတင်စိုက်ပျိုးခဲ့ပြီး သုံးလအကြာတွင် စတင်ရောင်းချနေရကြောင်း၊ ယခုနှစ်တွင် အနီမျိုး၊ စံပယ်ဖြူနှင့် အဝါ ဟူ၍ ဂန္ဓမာမျိုး (၃)မျိုး စိုက်ပျိုးထားရှိကာ စံပယ်ဖြူနှင့် အဝါပွင့်သည့် ဂန္ဓမာမျိုးများက အနီပွင့်သည့် ဂန္ဓာမျိုးထက် ဈေးပိုရကြောင်း၊ အနီပွင့်သည့် ဂန္ဓာမျိုးတစ်ခိုင်လျှင် (၃၀၀)ကျပ်ဖြင့် ရောင်းရလျှင် စံပယ်ဖြူနှင့် အဝါပွင့်သည့် ဂန္ဓမာမျိုးများက တစ်ခိုင်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သော်လည်း ဂန္ဓမာပန်းရောင်းချနေသူများအနေဖြင့် ဂန္ဓမာပန်းဈေးကွက်တွင် ပန်းတစ်ခိုင်လျှင် (၄၀၀)ကျပ်မှ (၆၀၀)ကျပ်အထိ ရောင်းချရသည့် ယခင်နှစ်ထက် ပန်းဈေးပိုမိုရရှိနေသည့်အတွက် အဆင်ပြေကြောင်း ချောင်းမကြီးကျေးရွာမှ ဂန္ဓမာပန်း စိုက်ပျိုးသူများနှင့် ပန်းရောင်းချသူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)


