ဆိပ်ဖြူ  ၊    ၁၅   ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာမှဒေသခံပြည်သူများ မြေအုတ်လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

 

ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာမှ ဒေသခံပြည်သူအများသည် စိုက်ပျိုးရေးနှင့် မြေအုတ်လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ပွင့်လင်းရာသီကာလတွင် မြို့နယ်အတွင်း အခြားသောမြို့နယ်များက စီမံကိန်းဝင် လုပ်ငန်းများအတွက် ဆောက်လုပ်ရေးကုမ္ပဏီများက ချိတ်ဆက်ဝယ်နေသည့်အတွက် အုတ်လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစွာဖြင့် တင်ပို့ရောင်းချဆောင်ရွက်နေရကြောင်း သိရသည်။

 

မြေအုတ်လုပ်ငန်းလုပ်ကိုင်ရာတွင် အဓိကကုန်ကြမ်းများဖြစ်သည့် ရွှံ့စေးမြေနှင့် သောင်သဲမြေ၊ ကိုင်းမြေနှင့် လောင်စာအဖြစ် ဇီးခွဲခြမ်းများကို အဓိကထားအသုံးပြုရကြောင်း မြေအုတ်တစ်လုံး ကုန်ချောဖြစ်ရန် (၁၅) ရက်ခန့် ကြာကြောင်း၊ မြေအုတ်တစ်လုံးလျှင် ငွေကျပ် (၇၀)မှ (၇၅)ကျပ်အထိ ရောင်းချပေးနေရပြီး ယခင်နှစ် ဈေးနှုန်းအတိုင်းရောင်းချနေရကြောင်း၊ အုတ်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် လုပ်အားခ ၊ ကုန်ကြမ်းဝယ်ယူ ရမှု၊ ကုန်ချောထုတ်လုပ်မှု ရက်ရှည်ခြင်းတို့ကြောင့် ဝင်ငွေအမြတ် နည်းသော်လည်း ရောင်းအားများခြင်းကြောင့် အဆင်ပြေကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါလုပ်ငန်းခွင်၌ ဒေသခံလုပ်သား (၁၀ဝ)ကျော်ရှိပြီး မြေသားအုတ် လုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် ဒေခံပြည်သူများ မိသားစုစားဝတ်နေရေးအတွက် မိမိဒေသမှာပဲ အလုပ် လုပ်ကိုင် နိုင်ကြောင်း၊ စိုက်ပျိုးရာသီတွင် စိုက်ခင်းလုပ်သား အမျိုးသမီးတစ်ဦး တစ်နေ့လုပ်အားခ (၃၀ဝ၀)ကျပ်သာ ရရှိသော်လည်း အုတ်လုပ်ငန်းတွင် အမျိုးသမီးတစ်ဦးလျှင် တစ်နေ့ လုပ်အားခ (၅၀ဝ၀)ကျပ်၊ အမျိုးသားတစ်ဦးလျှင် (၇၀ဝ၀)ကျပ် ရရှိကြောင်း၊ အုတ်စိမ်းသယ်လုပ်ငန်းနှင့်၊ အုတ်မီးဖုတ်ရန် အုတ်ဖိုစီခြင်းတို့မှလည်း ဝင်ငွေရရှိသည့်အတွက် မိသားစုဝင်ငွေအတွက် အဆင်ပြေကြကြောင်း ကမ္ဘားကြီးကျေးရွာမှ အုတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။  

 

စိုးလင်းနိုင်(IPRD)