ဆိပ်ဖြူ ၅ ဇွန်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂ဝ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြစ်ကမ်းပါးပြိုကာကွယ် လျှော့ချပေးသည့် ဗာတီဗာမြက်စိုက်ခြင်း အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီက သံဇလုံကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါစိုက်ပျိုးခြင်းအခမ်းအနားကို မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်လင်းနှင့် ဝန်ထမ်းများ သံဇလုံကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။ ဆိပ်ဖြူမြို့နယ်ရှိ ကိုးတောင့်ကျေးရွာအုပ်စုနှင့် ချင်တောင်ကျေးရွာ အုပ်စုများရှိ ကျေးရွာ(၇)မှ တောင်သူများသည် နှစ်စဉ် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကျေးရွာမြေနှင့် စိုက်ပျိုးမြေဧကများ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။
၁၉၉၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် ကာလအထိ ရေလယ်ကျွန်းကျေးရွာနှင့် သံဇလုံကျေးရွာမှ ဒေသခံပြည်သူများ၏ နေအိမ်များအပါအဝင် မြစ်ရေတိုက်စားခြင်းကြောင့် ရွာပြောင်းရပြီး စိုက်ပျိုးမြေဧက (၃၀၀)ကျော် ပျက်စီးခဲ့ကြောင်း၊ ချင်တောင်ကျေးရွာအုပ်စုမှ ရေလယ်သောင်ကျေးရွာဆိုလျှင်လည်း မြစ်ကမ်းပါးက ရွာအခြေရောက်ရှိနေပြီး ကမ်းပြိုမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နေရကြောင်း ယခုလို ကမ်းပြိုမှုအန္တရာယ် ကာကွယ်လျှော့ချနိုင်သည့် ဗာတီဗာမြက်များ လာရောက်စိုက်ပျိုးပေးခဲ့သည့် မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ အထူးကျေးဇူးတင်ရှိပါကြောင်း သံဇလုံကျေးရွာ ဒေသခံပြည်သူ ဦးမောင်ချိုက ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)


