ဆိပ်ဖြူ ၆ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း ကျွန်းချောင်းအုပ်စု၊ ကျွန်းချောင်းကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရဲမင်းအောင်နှင့် ဝန်ထမ်းများက ကျွန်းချောင်းကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာ နှင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွန်းချောင်းကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၈ ဒသမ ၇၁ သန်းဖြင့် အနက်ပေ ၅၀ဝ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စက်ရေတွင်း ဆောင်ရွက်ပြီးစီးပါက ကျွန်းချောင်းကျေးရွာရှိ အိမ်ခြေ ၂၀၂ အိမ်၊ လူဦးရေ ၉၃၇ ဦးတို့၏ သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည် ဖြစ်ကြောင်း သိရသည်။
၎င်းကျေးရွာအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအား ကောင်းကောင်းဆက် ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သီသီမာ(ကျေးလက်)


