ဆိပ်ဖြူ ၂၃ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူအများ ဆင်ခြေထောက်ရောဂါ ကင်းဝေစေရန် သန်ချဆေးပေါင်း တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၂ရက် ညနေပိုင်းမှ စတင်ကာ နေအိမ်များသို့ လိုက်လံတိုက်ကျွေး လျက်ရှိကြောင်း သိရသည်။

သန်ချဆေးပေါင်းတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်မားရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ ကျန်းမာ ရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကာ လိုက်လံတိုက်ကျွေးခဲ့ပြီး ဆင်ခြေထောက် ရောဂါအကြောင်း သိကောင်းစရာများ ဟောပြောခြင်း လက်ကမ်းစာစောင်များ ဖြန်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်ခြေထောက်ရောက်ဂါ ကင်းဝေစေရန် သန်ချဆေးပေါင်း တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၂ ရက်မှ ၃၁ ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ စာရင်းရှိ လူဦးရေ (၁၁၈၅၂၆)ဦး ရှိသည့်အနက် လူဦးရေ (၁၁၃၂၇၉) ဦးအား သန်ချဆေးပေါင်းများကို တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း၊ ဆေးသောက်သုံးရန် မသင့်သည့် ကိုယ်ဝန်ဆောင်မိခင်၊ (၂)နှစ်အောက် ကလေးများ၊ နာတာရှည်ရောဂါဝေဒနာ ဆိုးဝါးစွာခံစားနေသူများအား ဆေးတိုက်ကျွေးမည်မဟုတ်ကြောင်း သိရသည်။
ဆင်ခြေထောက်ရောဂါသည် သွေးကြောအတွင်းနေသော သန်ကောင်များကြောင့် ဖြစ်ပွား၍ ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး လူတချို့တွင် ရောဂါပိုးရှိနေသော်လည်း ရောဂါ၏လက္ခဏာမပြဘဲ ငုပ်နေတတ်သော ရောဂါတစ်မျိုးဖြစ်ကာ ရောဂါရင့်လာပါက ခြေ၊ လက် ရင်သားစသည်တို့သည် ဆင်ခြေထောက်အသွင် ဖြစ်လာသော ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။
ဆင်ခြေထောက်ရောဂါကို မြန်မာနိုင်ငံ၌ ၂၀၂၀ ခုနှစ်တွင် ကင်းစင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်ချဆေးပေါင်းများကို တိုက်ကျွေးလျက်ရှိသည်။
စိုးလင်းနိုင်(IPRD)