ဆိပ်ဖြူ ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာတွင် ရွှံ့စေးဖြင့်ပြုလုပ်သော မြေအုတ် လုပ်ရောင်းချသူများ ရောင်းဝယ်မှုအဆင်ပြေလျက်ရှိကာ ယခင်ဈေးထက် ဈေးပိုရောင်းချရကြောင်း သိရသည်။

အုတ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုင်းမြေ၊ မြေသားရေကန်အတွင်းမှ မြေစေးနှင့် သဲတို့ကို စနစ်တကျ ရောပြီး ရေဖျော်နင်းကာ ရွှံ့စေးမြေကို တစ်ညနှပ်ထားပြီးနောက် ရွှံ့စေးအုတ်ပြုလုပ်ပြီး နေပူသုံးရက် လှမ်းရကြောင်း၊ ထို့မှရရှိလာသော အုတ်စိမ်းများကို စနစ်တကျအုတ်ဖိုစီ၍ ထင်း၊ ဇီးခွဲခြမ်းတို့ကို အသုံးပြု၍ သုံးရက်ကြာ မီးဖုတ်ရကြောင်း၊ အုတ်တစ်ဖိုလျှင် အုတ်စိမ်း သုံးသောင်း မီးဖုတ်ပေးရကြောင်း၊ အုတ်မီးဖုတ်နေစဉ် နေ့/ညမပြတ် စောင့်ကြည့်၍ လိုအပ်သော မီးအချိန်အဆများ၊ ထင်းများ ဖြည့်တင်း ပေးရပြီးနောက် ခုနစ်ရက်ခန့်ထားရှိကာ ရောင်းတန်းဝင် မြေအုတ်ကျက်များရရှိကြောင်း၊ အုတ်စိမ်း အလုံးရေ ၃၀ဝ၀ဝ ဖုတ်လျှင် အုတ်ကျက်အလုံးရေ ၂၅၀ဝ၀ ခန့် ပုံမှန်ရရှိကြောင်း၊ အုတ်ဖိုမီးထိုးများလျှင် ချော်အုတ်များဖြစ်ခြင်း၊ ပျက်စီးမှုများခြင်း၊ မီးထိုးနည်းလျှင် သတ်မှတ်အရည်အသွေး မမှီခြင်းများ ဖြစ်တတ်ကြောင်း အုတ်လုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

အုတ်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်ပိုင်ဝင်ငွေ၊ ဒေသခံ အလုပ်သမားများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြောင်း၊ ယခင်က အုတ်ဈေးနှုန်း အထိုင်ဈေး တစ်လုံး ၆၈ ကျပ်ဝန်းကျင်ရှိခဲ့ပြီး လက်ရှိအချိန်မှာ စိုက်ပျိုးရာသီဖြစ်သည့်အတွက် ရွှံ့မြေစေးရှာပါးခြင်း၊ လောင်စာထင်းများ ရှာပါးသည့် အတွက် အုတ်တစ်လုံး ၇၀ ကျပ်ဈေးဖြင့် ရောင်းချနေရကြောင်း၊ အုတ်မှာယူသူများအနေဖြင့် ခရီးအနီးအဝေးလိုက်၍ အလုပ်သမားခ၊ ပို့ဆောင်ခဖြင့် တွင်ကျယ်စွာ ဆောင်ရွက်ပေးရလျက်ရှိပြီး ယခုနှစ်တွင် ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များမှ လုပ်ငန်းများမှ မှာယူမှုများပြီး တွင်ကျယ်စွာ ဆောင်ရွက်ပေးနေရကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ရွှံ့စေးမြေအုတ်လုပ်ငန်းကို ကမ္ဘားကြီးကျေးရွာတွင် အများဆုံးလုပ်ကိုင်ကြပြီး အုတ်လုပ်ငန်းကို ဆောင်းရာသီနှင့် နွေရာသီတို့တွင် တွင်ကျယ်စွာ လုပ်ကိုင်ကြကြောင်း သိရသည်။
စိုးလင်းနိုင်(ပြန်/ဆက်)