ဆိပ်ဖြူမြို့နယ်၌ အခြေခံပညာကျောင်း (၁၂)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ

ဆိပ်ဖြူ ၂၁ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၁၂)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း ဆိပ်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

 

အဆိုပါ အဆင့်တိုးမြှင့်ခွင့်ရရှိသည့် ကျောင်းများမှာ ပင်းတလဲကျေးရွာနှင့် ရှောက်ပင်အင်းကျေးရွာတို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၂)ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းမှ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် သပြေကျေးရွာနှင့် ကပစ (၂၁) အတွင်းရှိ ကျောင်း(၂)ကျောင်းအား လည်းကောင်း၊ ဖက်တဲကျေးရွာနှင့် ရွာသာကုန်းကျေးရွာတို့ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း (၂)ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များအဖြစ် လည်းကောင်း၊ ဇီးတော်ပင်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း (၁)ကျောင်းအား အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ် လည်းကောင်း၊ ချတောက်ကျေးရွာ၊ ဖက်ကနားတဲတိုက်၊ သစ္စည်းတဲတိုက်တို့ရှိ အခြေခံပညာ မူလတန်းကျောင်း(ခွဲ) (၃)ကျောင်းအား အခြေခံပညာ မူလတန်းကျောင်း အဖြစ်လည်းကောင်း၊ ရေလယ်သောင်ကျေးရွာနှင့် အိုင်ကြီးကျေးရွာတို့တွင် အခြေခံပညာ မူလတန်းကျောင်း(ခွဲ) (၂)ကျောင်းအဖြစ်လည်းကောင်း စုစုပေါင်း (၁၂)ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

 

ယခုလို ပညာရေးကဏ္ဍများ ပြုပြင်ပြောင်းလဲမှုများ ခေတ်နှင့်အညီ ကျောင်းများ အဆင့်တိုးမြှင့်ခွင့် ဖွင့်လှစ်ပေးခြင်းကြောင့် ယင်းကျေးရွာအနီးရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဝေးတစ်နေရာသို့ သွားရောက်ပြီး စာသင်ရန်ကျောင်းမတက်ရတော့ဘဲ မိမိတို့ကျေးရွာမှာသာ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာများကို လေ့လာဆည်းပူးခွင့်၊ သင်ကြားသင်ယူခွင့်များ ရရှိတော့မည်ဖြစ်ပါကြောင်း မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်ကို သိရသည်။

 

ကိုမျိုး (ယောဧရာ)