ဆိပ်ဖြူ  ၂၃  ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ပန်းချီဝါသနာရှင် ကျောင်းသား ကျောင်းသူလေးများအား ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင် ပန်းချီအောက်ဒိုး ရေးဆွဲလေ့ကျင့် သင်တန်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းချီအောက်ဒိုးရေးဆွဲ လေ့ကျင့်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဆရာ ဇော်ဇော်လင်းတို့၏ စီစဉ်မှုဖြင့် ကျောင်းသား ကျောင်းသူလေးများ ပန်းချီပညာ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးဌာနမှ ကျင်းပ ပြုလုပ်သောပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဘက်စုံထူးချွန်သော ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ အခြေခံ ပန်းချီသဘောတရားများနှင့် ပတ်ဝန်းကျင် အလှတရားများကို လက်တွေ့ရေးဆွဲနိုင်ကာ ဆေးရောင်သဘောတရားများ သိရှိနိုင်စေရန် ရည်ရွယ်လေ့ကျင့် သင်ကြားပေးခြင်းဖြစ်သည်။

ပန်းချီအောက်ဒိုး ရေးဆွဲလေ့ကျင့်ခြင်းကို ပန်းချီဆရာ ဇော်ဇော်လင်း ကြီးကြပ်၍ ဝါသနာရှင် ကျောင်းသား ကျောင်းသူများအား သဘာဝ ပတ်ဝန်းကျင်အလှမြင်ကွင်းများကို ဆေးရောင်သဘောတရားနှင့် ဆေးရောင်စပ်ခြင်း ပညာရပ်များဖြင့် ရေးဆွဲနည်းများ၊ ပန်းချီရေးဆွဲရာတွင် လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန် ရှောင်ရန်အချက်များကို သင်ကြားပေးသည်။

ကျောင်းသား ကျောင်းသူများသည် နွေရာသီပန်းချီသင်တန်းကို တက်ရောက်ခဲ့သူများဖြစ်ပြီး ပထမအကြိမ် ပန်းချီပြပွဲကို စက်တင်ဘာလအတွင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်နိုင်ခဲ့ကာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(ပြန်/ဆက်)