မကွေး ဇန်နဝါရီ ၂၈

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ လုပ်ကိုင်ကြပြီး ရွာသစ်ရပ်ကွက်ရှိ တောင်သူများသည် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ၊ မြေပဲ၊ ပဲမျိုးစုံ သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ပြည်ပဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ) သီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ဂျပန်ပဲယင်း(နီ)ကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းရကြောင်း၊ တစ်ဧကလျှင် ဂျပန်ပဲယင်း(နီ)မျိုးစေ့ သုံးပြည်ခန့်နှင့် မျိုး၊ ထွန်ယက်စိုက်ပျိုးခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သုံးသိန်းခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ချောက်မြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ တင်ပို့ကြောင်းသိရသည်။

 

ပဲယင်း(နီ)သီးနှံသည် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များ ရရှိသည့်သီးနှံဖြစ်ရာ ယခုနှစ်စိုက်ပျိုးရာသီချိန်တွင် ရာသီဥတုကောင်းမွန်၍ ဂျပန်ပဲယင်း(နီ) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံရိတ်သိမ်းချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း