မကွေး ဖေဖော်ဝါရီ ၂၅

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ကန်စွန်းဥ(ဥစားကန်စွန်း) သီးနှံများကို ကိုင်းကျွန်းနှင့် သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ကန်စွန်းဥ (ဥစား ကန်စွန်း) စိုက်ခင်းများကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် မိုးရွာသွန်းမှုများ၍ စိုက်ခင်းများအတွင်း ရေဝင်ရောက်ကာ ပျိုးခင်းများပျက်စီးခြင်းကြောင့် ဧက ၁၀၀၀ ခန့်သာ စိုက်ပျိုးကြောင်း သိရသည်။

 

ကန်စွန်းဥ(ဥစားကန်စွန်း)သီးနှံကို မြစ်ရေကျချိန် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ရကြောင်း၊ ရွှေဝါကန်စွန်းဥမျိုးနှင့် ငချိတ်ကန်စွန်းဥမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ကန်စွန်းဥ(ဥစားကန်စွန်း) တစ်ညွန့်လျှင် ငွေကျပ် ၃၀ နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး တစ်ဧကလျှင် ကန်စွန်းဥ (ဥစားကန်စွန်း)အညွန့် ၃၅၀၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ ကန်စွန်းဥ(ဥစားကန်စွန်း)များ အချိုလေး၍ အရသာရှိစေရန်အတွက် စိုက်ခင်းများကို ရေသွင်းစိုက်ပျိုးခြင်းမရှိဘဲ မြေအောက်ရေအစိုဓာတ်ဖြင့်သာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး သုံးလအကြာတွင် ကန်စွန်းဥ (ဥစားကန်စွန်း)များ တူးဖော်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာ ချိန် ၂၈၀၀-၃၀၀၀ ခန့်ထွက်ရှိပြီး ဆိပ်ဖြူမြို့နှင့် ချောက်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် သီးနှံအထွက်နှုန်းကောင်းမွန်ပြီး ဈေးနှုန်းကောင်းမွန်သောကြောင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း ကန်စွန်းဥ (ဥစားကန်စွန်း)စိုက် တောင်သူတစ်ဦးထံမှ သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း