ဆိပ်ဖြူ  ၅   မေ

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် နွေရာသီကာလ နေကြာစိုက်ပျိုးလျက်ရှိသည့်တောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိကာ နွေရာသီကာလတွင် ပဲတီစိမ်းနှင့် နွေနှမ်းတို့ကို ရေသွင်းစိုက်ပျိုးခဲ့ကြပြီး ယခုနှစ်နွေရာသီတွင် နေကြာကို ရေသွင်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။ ထိုသို့စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးတောင်သူများအနေဖြင့် ပဲတီစိမ်းနှင့် နွေနှမ်းစိုက်ပျိုးထုတ်လုပ်မှုတို့ထက် စိုက်ပျိုးစရိတ်၊ လုပ်သားစရိတ်ကုန်ကျမှုတို့ကို သိသိသာသာ လျော့ချစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နေရာမျိုးကို နေပြည်တော် တပ်ကုန်း စိုက်ပျိုးရေးသုတေသနခြံမှ နေကြာမျိုးစေ့များမှာယူ၍ ဆောင်းသီးနှံအဖြစ်သာ စိုက်ပျိုး ထုတ်လုပ်ခဲ့ရာမှ ယခုနှစ် နွေရာသီမှစတင်၍ စမ်းသပ် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိ တောင်သူငါးဦးခန့် စိုက်ပျိုးလျက်ရှိသည်။

နွေသီးနှံနေကြာ သီးထပ်အဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပြီး ဆောင်းသီးနှံကြက်သွန်နီ စိုက်ပျိုးပြီးတူးဖော်ခဲ့သည့် မြေကို ပထမဦးစွာ ရေသွင်းခြင်း၊ ထွန်စက်များဖြင့် ၁၀ နာရီခန့် ထွန်ယက်ပြီး ဒေသစိုက်နည်းစနစ် ပက်ကြဲစနစ်ဖြင့်သာ စိုက်ပျိုးခဲ့ခြင်းဖြစ်ရာ တောင်သူများအနေဖြင့် စိုက်ပျိုးရေးသုတေသနခြံ၏ ရာသီမှန် စိုက်နည်းမှန်ဖြင့် စိုက်ပျိုးခဲ့မည်ဆိုလျှင် တစ်ဧကလျှင် နေကြာ တင်း ၄၀ ခန့် ထွက်ရှိနိုင်ပြီး ယခု တောင်သူများအနေဖြင့် ဒေသစိုက်နည်းစနစ် ပက်ကြဲစနစ်ဖြင့်သာ စိုက်ပျိုးခဲ့သည့်အတွက် တစ်ဧကကို နေကြာ ၂၅ တင်းခန့် ထွက်ရှိနိုင်ရန် ခန့်မှန်းထားကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မြေပြင်၊ ရေသွင်း၊ မျိုးစေ့၊ လုပ်သားစရိတ် ၅၅၀၀၀၀ခန့် ကုန်ကျကြောင်း၊ ယင်းစိုက်ခင်းမှထွက်ရှိသော နေကြာတစ်တင်းလျှင် နေကြာဆီလေးပိဿာထွက်ရှိပြီး တစ်ဧကမှထွက်ရှိနေကြာ ဆီပိဿာ ၁၀၀ ရှိမည်ဖြစ်ကြောင်း၊ တောင်သူများသည် နေကြာစိုက်ပျိုးမည်ဆိုလျှင် ဆောင်းသီးနှံထက် နွေသီးထပ်ကို စိုက်ပျိုးသင့်ပြီး ကြက်တူရွေးငှက်တို့ကြောင့်သီးနှံ ပျက်စီးမှုကို ကာကွယ်နိုင်မှာဖြစ်ပြီး အထွက်နှုန်းမြင့်မား၍ မိသားစုအတွက် ကျန်းမာရေးနှင့်ညီညွတ်သောနေကြာဆီ များရရှိကာ စားသုံးဆီဖူလုံမှု၍စိုက်ပျိုးစရိတ်သက်သာခြင်း ရှိသည့်အတွက် နွေသီးထပ်နေကြောများကို စိုက်ပျိုးသင့်ကြောင်း နေကြာစိုက်ပျိုးသည့် တောင်သူဦးစောထွန်းက ပြောသည်။

ကိုဇွဲ(အညာမြေ)