ဆိပ်ဖြူ၊  ၁၈    ဇွန်

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ထွန်ယက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တိရစ္ဆာန် အစားအစာရရှိရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့နယ်၊ လိပ်ခြံရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင် နှင့် ဆိပ်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်အေးတို့က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က သင်တန်းဖွင့်လှစ် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တိရစ္ဆာန်အစားအစာရရှိရေးအတွက် နေဗီယာမြက် စိုက်ပျိုးရန် ထွန်ယက်ထားသည့် မြေနေရာပေါ်တွင် လက်တွေ့စိုက်ပျိုးနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က လိုအပ်သည်များဖြည့်စွက်မှာကြားသည်။

 

အဆိုပါ သင်တန်းကို ဆိပ်ဖြူမြို့နယ်၊ လိပ်ခြံကျေးရွာမှ သင်တန်းသား သင်တန်းသူ(၂၅)ဦးဖြင့် ဇွန်လ (၁၈)ရက်နေ့မှ ဇွန်လ (၂၄)ရက်နေ့အထိ ရက်(၇)ကြာ စာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ တိရစ္ဆာန် အစားအစာရရှိရေးအတွက် မြေတစ်ဧက၌ နေဗီယာမြက်ပင် ၃၇၀၀ ကျော်ကို စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

 

သန်းလွင်(မကွေး)