ဆိပ်ဖြူမြို့နယ်ရှိ ဆည်တမံများတွင် ရေကင်းများ စဉ်ဆက်မပြတ်စောင့်ကြည့်ဆောင်ရွက်လျက်ရှိ

ဆိပ်ဖြူ အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အောက်တိုဘာလလယ်အတွင်း မိုးရွာသွန်းမှုများခြင်းကြောင့် မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)ရုံးမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဆည်တမံများ ပျက်စီးထိခိုက်မှုမရှိစေရေး ရေကင်းများစောင့်ကြည့်ပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင်  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ဦးစီးအရာရှိ (မြို့ပြ) ရုံးမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဆည်တမံ ၉ခု ရှိပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ယခင်နှစ်များထက် မိုးရွာသွန်းမှုများသောကြောင့် ဆည်တမံများအတွင်း ရေဝင်များခဲ့ပြီး ဝန်ချောင်း၊ ဝန်ယူ၊ ဝန်လို၊ ရေပုတ်၊ တံခွန်၊ ငချဉ် တမံတို့တွင် ရေပိုလွှဲမှ ရေကျော်ကျမှုများရှိခဲ့ပြီး တဲကြီး၊ တမာ၊ ဖိုးနီ ဆည်တမံများတွင် ရေပြည့်အမှတ်နီးပါး ဆည်ရေများဝင်ရောက်ခဲ့ခြင်းကြောင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ဦးစီးအရာရှိ (မြို့ပြ) ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ ဆည်တမံများထိခိုက်မှုမရှိစေရေးအတွက် ပြုပြင်ထိန်သိမ်းရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရသည်။ 

လက်ရှိ အခြေအနေတွင် ရေပိုလွှဲမှရေကျော်နေသည့်  ဆည်တမံများပေါ်၌ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး(E.P.P) စီမံချက်ဖြင့်  အစိမ်းရောင်အလံများ လွှင့်ထူထားရှိပြီး ဒေသခံပြည်သူများအား ဆည်ရေအသိပညာပေးလုပ်ငန်းများနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဆည်ရေကျော်အမှတ်များကိုလည်း ချိတ်ဆက်အသိပေး ဆောင်ရွက်ထားကြောင်း၊ ဆည်တာဝန်ခံများနှင့် ဝန်ထမ်းများက ဆည်တမံများကြံ့ခိုင်မှုအခြေအနေနှင့်  ရေပိုလွှဲ၊ ရေလွှတ်မြောင်းများ ထိခိုက်မှု ရှိ၊ မရှိကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ဦးစီးအရာရှိ ဦးရန်လင်းမောင်က ပြောကြားခဲ့သည်။

ကိုဇွဲ (အညာမြေ)