ဆိပ်ဖြူ ၅ မတ်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများသည် ပဲကြီးကို သီးထပ် သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး အောင်မြင်မှုရကာ ဈေးနှုန်းရရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ပဲကြီးကို လယ်မြေများ၊ ယာမြေများတွင် သီးထပ် သီးညှပ်အဖြစ် ဝါဆိုလနှင့် ဝါခေါင်လများတွင် စတင်တင်စိုက်ပျိုးကြရာ နှစ်စဉ် တပို့တွဲလနှင့် တပေါင်းလများတွင် ရိတ်သိမ်း၍ ရောင်းချလျက်ရှိကြသည်။ ပဲကြီးကို ကုန်းစိုက်ပဲကြီးနှင့် ကန်သင်းဘောင်စိုက်ပဲကြီးဟူ၍ အရောင်အဝယ်ဖြစ်ထွန်းကြောင်း၊ ကုန်စိုက်ပဲကြီးကို မြေပဲခင်းများ သီးညှပ် စိုက်ပျိုးကြပြီး ကန်သင်းစိုက်ပဲကြီးကို စပါးခင်းများ၏ လယ်ကန်သင်းများတွင် စိုက်ပျိုးဆောင်ရွက်ကြကြောင်း၊ ကန်းစိုက်ပဲကြီးထက် လယ်ကန်သင်းစိုက်ပဲကြီးက ဈေးနှုန်းပိုရှိကြကြောင်း၊ ကုန်းစိုက်ပဲကြီးက အလုံးသေးတယ် လယ်ကန်သင်းမှာ စိုက်တဲ့ပဲကြီးက ရေပိုမိုရရှိတဲ့အတွက် အလုံးထွား၍ ဈေးပိုမိုရှိကြောင်း၊ လက်ရှိ ကုန်ပဲကြီးက တစ်တင်းလျှင် (၂၆၀ဝ၀) ကျပ်မှ (၂၈၀ဝ၀)ကျပ် အထိ ရှိပြီး၊ ကန်သင်းပဲကြီးက (၃၂၀ဝ၀) ကျပ် ဈေးရရှိကြကြောင်း ယခင်နှစ်ထက် (၂၀ဝ၀)ကျပ်ဝန်းကျင် ပို၍ ဈေးပိုရှိခဲ့ပြီး တောင်သူတို့အတွက် အဆင်ပြေကြောင်း ပဲကြီးစိုက်ပျိုးသူတောင်သူများထံက သိရှိရသည်။
စိုးလင်းနိုင်(IPRD)


