ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်၊ ယဉ်ကျေးလိမ္မာနှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်လျက်ရှိ

ဆိပ်ဖြူ ဧပြီ ၂၅

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်၊ ယဉ်ကျေးလိမ္မာနှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်များကို ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းများကို မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများ ကျောင်းအုပ်ဆရာကြီးများက ကြီးကြပ်၍ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/ကျောင်းသူများကို ရပ်ရွာဒေသအကျိုးပြုလုပ်ငန်းများ၊ ကျန်မာရေးစောင့်ရှောက်မှု အခြေခံရှေးဦးပြုစုခြင်းလုပ်ငန်းများနှင့် လူမှုပတ်ဝန်းကျင်ရပ်ရွာတို့၌ ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ်လူငယ်လူရွယ်များပေါ်ထွန်းပြီး ရပ်ကျိုးရွာကျိုးများ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းများကို အခြေခံပညာကျောင်းများမှ အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်သင်တန်း၌ ကျောင်းသား/ကျောင်းသူ (၃၀)ဦး၊ အခြေခံရှေးဦးပြုစုခြင်းသင်တန်း၌ ကျောင်းသား/ကျောင်းသူ (၃၀)ဦး၊ ယဉ်ကျေးလိမ္မာသင်တန်း၌ ကျောင်းသား/ကျောင်းသူ (၃၀)ဦး အသီးသီးတက်ရောက်လျက်ရှိပြီး သင်တန်းများအလိုက် နည်းပြဆရာ/ဆရာမများကို သင်ကြားပေးလျက်ရှိသည်။ အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်၊ ယဉ်ကျေးလိမ္မာနှင့် အခြေခံရှေးဦးပြုစုခြင်း သင်တန်များကို ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

 

ကိုဇွဲ(အညာမြေ)