ဆိပ်ဖြူ မေ ၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ဆိပ်ဖြူမြို့ နယ်၊ချင်တောင်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ပိုင်းက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက
အဖွင့်အမှာစကားပြောကြားပြီး ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် မြေမှန်မျိုးမှန် နည်းလမ်းမှန်မှန်ဖြင့် စိုက်ပျိုးလုပ်ကိုင်နိုင်ပါက သီးနှံအထွက်တိုးပြီး တောင်သူများ၏ ဝင်ငွေ တိုးပွားလာစေရန်နှင့် တိရစ္ဆာန်များ မွေးမြူရာတွင်လည်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူနိုင်ပြီး နည်းလမ်းမှန်မှန်ဖြင့် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် သဘာဝမြေသြဇာပြုလုပ်နည်း၊ စိုက်ပျိုးရေးမှိုများ စိုက်ပျိုးနည်း၊ ကာကွယ်ဆေးထိုး နည်းပညာရပ်များကို စာတွေ့၊လက်တွေ့ဖြင့် မေ ၆ ရက်မှ ၂၀ရက်နေ့ထိ (၁၅)ရက် ကြာသင်ကြား ပို့ချပေးသွား မည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲမင်းအောင်က ပြောသည်။
နွဲ့ယဉ်