ဆိပ်ဖြူ ၂ ဩဂုတ်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မိုးသီးနှံစပါးနှင့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ (အခြားသီးနှံ) စိုက်ပျိုးထုတ်လုပ်သော မိုးကောင်းသောက် စိုက်ပျိုးမြေများတွင် မိုးရွာသွန်းမှုနည်းပါးနေခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးမှု နောက်ကျလျက်ရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား၍ ကိုယ်တိုင်စိုက်ပျိုးပြီး မိမိတို့၏ မိသားစုစားဝတ်နေရေး ဖူလုံစေရန်နှင့် ပိုလျှံသီးနှံများကို စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းဖြင့် ရပ်တည်နေထိုင်စားသောက်လျက်ရှိကာ မိုးသီးနှံကို တောင်သူများအနေဖြင့် မြစ်ရေတင်၊ အစိုးရဆည်၊ ဆည်ငယ်ကန်ငယ်၊ မြေအောက်ရေ၊ ရေစုပ်စက်နှင့် မိုးရေတို့ကိုရယူ၍ မိုးသီးနှံ စိုက်ပျိုးမှုများကို ဆောင်ရွက်ကြရသည်။
ယခုနှစ်မိုးရာသီတွင် မိုးစပါး လျာထားဧက (၈၇၄၅) ဧကရှိပြီး စိုက်ပျိုးပြီးစီး (၄၉၀)၊ ပဲမျိုးစုံ လျာထားဧက (၂၁၁၉၄)ဧက စိုက်ပျိုးပြီးဧက (၄၇၄၈)ဧက၊ ဆီထွက်သီးနှံ လျာထားဧက (၇၅၅၅)ဧက စိုက်ပျိုးပြီးဧက (၃၄၃၁)ဧကရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဇူလိုင်လအထိ မိုးရေရရှိမှတ်တမ်းများအရ လက်ဆည်ကျေးရွာ မိုးရေတိုင်းတာရေးစခန်းတွင် မိုးရွာရက် (၈) ရက်၊ မိုးရေချိန် (၃)လက်မ၊ ကဇွန်းမကျေးရွာ မိုးရေတိုင်းတာရေးစခန်းတွင် မိုးရွာရက် (၁၁)ရက်၊ မိုးရေချိန် ၈ ဒသမ ၄၀ လက်မ၊ ကင်မွန်းတောင့်ကျေးရွာတွင် မိုးရေတိုင်းတာရေးစခန်းတွင် မိုးရွာရက် (၂)ရက်၊ မိုးရေချိန် ၁ ဒသမ ၀၅ လက်မအထိသာ မိုးရွာသွန်းခဲ့ကြောင်း သိရှိရသည်။
ဒေသခံတောင်သူများအနေဖြင့် ပျိုးထောင်ထားရှိသည့် မိုးစပါးပျိုးများကို မိုးကိုမျှော်ရင်း မိုးရွာသွန်းမှုနည်းနေခြင်းများကြောင့် မိုးကောင်းသောက်နှင့် ဆည်ရေသောက် လယ်မြေများ မိုးစပါးအချိန်မီ လျာထားချက်ပြည့်အောင် မစိုက်ပျိုးနိုင်သေးခြင်း၊ စိုက်ပျိုးပြီး အခြားပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက် တောင်သူများ သီနှံစိုက်ခင်းထိခိုက်မည့် အခက်အခဲများ ကြုံတွေ့နေရကာ ပျိုးထောင်ထားရှိသည့် ပျိုးစပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် အချို့သော တောင်သူများက မိုးလယ်၊ မိုးနှောင်းကာလ မိုးရေမျှော်ရေသွင်း စိုက်ပျိုးမှုများဖြင့် ဆောင်ရွက်နေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
ကိုဇွဲ(အညာမြေ)