ဆိုစီဒက်ကို အနိုင်ယူပြီး လာလီဂါချန်ပီယံဖြစ်ရန် နီးစပ်လာသည့် အေတီမက်

စပိန်လာလီဂါပွဲစဉ် (၃၆) အဖြစ် မေ ၁၃ ရက် နံနက်ပိုင်းတွင် လာလီဂါ အမှတ်ပေးဇယား ဦးဆောင်သူ အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ရီးရဲဆိုစီဒက်အသင်းတို့ ပွဲစဉ်ကို ဝန်ဒါမက်ထရိုပိုလီတာနို ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အက်သလက်တီကိုမက်ဒရစ်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အေတီမက်အသင်းသည် ယနေ့ပွဲစဉ်ကို အနိုင်ရရှိခဲ့သောကြောင့် ရမှတ် ၈ဝ ရရှိပြီး အမှတ်ပေးဖလား ဆွတ်ခူးရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီဖြစ်သည်။ ထို့အပြင် အေတီမက်အသင်းသည် ဒုတိယနေရာမှ ဘာစီလိုနာအသင်းကို လေးမှတ်အထိ ဖြတ်ထားနိုင်ပြီး ရီးရဲမက်ဒရစ်အသင်းကို တစ်ပွဲပိုကစားထားပြီး ငါးမှတ်အထိ ဖြတ်ထားနိုင်ပြီ ဖြစ်သည်။

အေတီမက်အသင်းသည် ယနေ့ပွဲစဉ်တွင် ရလဒ်ကောင်း ပိုင်ဆိုင်နိုင်ရန်အတွက် အော့ဘလက်၊ ထရစ်ပီယာ၊ ဖီးလစ်ပီ၊ လော်ရန်တေး၊ ကိုကီ၊ ကာရက်စ်ကို၊ ကော်ရဲရား၊ ဆွာရက်ဇ် စသည့်  အဓိက ကစားသမား အများစုဖြင့် ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက် ဆိုစီဒက်အသင်းကလည်း ရီမိုရို၊ အိုယာဇာဘယ်၊ အီဆတ်၊ ပေါ်တူ စသည့် အဓိက ကစားသမားအများစုဖြင့် ဦးဆောင်သူ အေတီမက် အသင်းကို ရင်ဆိုင်လာခဲ့သည်။

အေတီမက်အသင်းသည် လာလီဂါ အမှတ်ပေးဖလားကို ၂၀၁၃-၂၀၁၄ ခုနှစ်က (၁၀) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယခုနှစ်ရာသီတွင် (၁၁) ကြိမ်မြောက် ဆွတ်ခူးရန် နီးစပ်လာခဲ့ခြင်းဖြစ်သည်။

ပွဲအစ ၁၆ မိနစ်တွင် အေတီမက်အသင်း အဖွင့်ဂိုး ရရှိခဲ့သည်။ အဆိုပါဂိုးကို လော်ရန်တေး၏ ဖန်တီးပေးမှုမှတစ်ဆင့် ကာရက်စ်ကိုက သွင်းယူပေးနိုင်ခဲ့သည်။ အေတီမက်အသင်းသည် ပထမပိုင်း ပွဲချိန်တွင် ဆိုစီဒက်အသင်းအပေါ်ဘောလုံး ပိုင်ဆိုင်မှုသိသိသာသာ အသာစီးရယူထားနိုင်ခြင်း မရှိသော်လည်း ဂိုးကန်သွင်းမှုအပိုင်းတွင် အသာစီးရယူထားနိုင်ခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် ၂၈ မိနစ် တွင် အေတီမက်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဆွာရက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကော်ရဲရားက သွင်းယူ ပေးနိုင်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပထမပိုင်းကို အေတီမက် အသင်းက နှစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဆိုစီဒက်အသင်းသည် ကစားသမား ငါးဦး အထိ အပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း လိုအပ်နေသည့် ချေပဂိုးများကို မိနစ် ၈၀ ကျော်သည်အထိ မြင်တွေ့ခဲ့ရခြင်း မရှိချေ။ သို့သော်လည်း ပွဲချိန် ၈၃ မိနစ်တွင် ဆိုစီဒက်အသင်း ချေပဂိုးရရှိခဲ့ပြီး ဇူဘယ်ဒီယာက သွင်းယူပေးနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ဆိုစီဒက်အသင်းသည် အေတီမက်အသင်းအပေါ် ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန် သွင်းမှုအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်ကိုတွေ့ရသည်။

ထို့နောက် ပွဲချိန်ပြည့်သည်အထိ နှစ်သင်းစလုံး ဂိုးသွင်းယူ နိုင်ခြင်းမရှိသောကြောင့် အေတီမက် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အေတီမက်အသင်းသည် လာမည့်ပွဲစဉ် နှစ်ပွဲအဖြစ် မေ ၁၆ ရက်တွင် အိုဆာဆူနာ၊ မေ ၂၃ ရက်တွင် ဗယ်လာဒိုလစ်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

အောင်ဇော်