နေပြည်တော်  ၂ အောက်တိုဘာ 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များမှ Chief Information Officer များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ဆက်သွယ်ရေးအော်ပရေတာနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သက်ဆိုင်ရာနေရာများမှ အွန်လိုင်းမှ ချိတ်ဆက်တက်ရောက်ကြသည်။

 

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင်  ဆိုက်ဘာလုံခြုံရေးသည် ကွန်ပျူတာ၊ အင်တာနက်သုံးစွဲနေကြသူများအတွက် အရေးကြီးသည်ကို အားလုံးသိရှိမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်လုံခြုံရန် မိမိတို့သုံးစွဲနေသည့် Hardware, Software များ မပျက်စီးရန်နှင့် လုပ်ငန်း ယန္တရားများ ထိခိုက်ပျက်ယွင်းမသွားစေရန် ဌာနအားလုံးအတွက် အရေးကြီးကြောင်း၊ ICT နည်းပညာထွန်းကား ပေါ်ပေါက်လာခြင်းနှင့်အတူ သတင်းမီဒီယာပုံစံအသစ်များ အလျင်အမြန်ပေါ်ထွက်လာကြောင်း၊  မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း သုံးစွဲနေသည့် မီဒီယာများကို ခေတ်မီနည်းပညာအသစ်များနှင့်အညီ ပြုပြင်ပြောင်းလဲရန်နှင့် ပိုမို တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ယခုနှစ်ပိုင်းထဲတွင် သတင်းမီဒီယာဆိုင်ရာ နည်းပညာအသစ်များနှင့် စပ်လျဉ်းသည့် လေ့လာမှု၊ ဆွေးနွေးမှု၊ အသိပညာဗဟုသုတ ဖလှယ်မှု များကို ဌာနအတွင်း များစွာလုပ်လာရကြောင်း၊ မိမိတို့သည် သတင်းအလုပ်နှင့်ပတ်သက်၍ အတွေ့အကြုံရှိသော်လည်း နည်းပညာ အသစ်နှင့်ပတ်သက်လျှင် သိနားလည်မှုအား နည်းသည့်အတွက် တတ်သိကျွမ်းကျင်သူများကို ဖိတ်ကြားပြီး ယခုကဲ့သို့ ဟောပြောပွဲများကို မကြာခဏ ပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ကမ္ဘာတစ်ဝန်းတွင်  ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်များစွာရှိပြီး ယင်းတိုက်ခိုက်မှုများကြောင့် အရေးကြီးသည့် သတင်းအချက်အလက်များ ခိုးယူဖျက်ဆီးခံရမှု၊ ခိုးယူဖျက်ဆီးခံရသည့် အချက်အလက်များကို ဆိုက်ဘာ တိုက်ခိုက်သူများက ရောင်းချခြင်း၊ ထုတ်ဖော်ဖွင့်ဟခြင်းများ ပြုလုပ်ခြင်းကြောင့် တိုက်ခိုက်ခံရသည့် အဖွဲ့အစည်းများသည် ဂုဏ်သတင်းကျဆင်းခြင်း၊ လုံခြုံရေးဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်းနှင့် အခြားသော ဆုံးရှုံးနစ်နာမှုများဖြစ်ပွားလျက်ရှိမှု၊ မိမိတို့နိုင်ငံတွင်လည်း အစိုးရဝန်ကြီးဌာနများအပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများ၏ website များ၊ Online shopping website များ နှစ်စဉ်တိုက်ခိုက်ခံရမှု၊  ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းအသုံးပြုပြီး ရုံးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ စီးပွား ရေးလုပ်ငန်းများ၊ COVID-19 ဆိုင်ရာ အသိပညာပေးသတင်းများ ထုတ်ပြန်ခြင်းတို့ကို တွင်ကျယ်စွာ ဆောင်ရွက်နေသည့်အချိန်တွင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက်ဘာအလွဲသုံးစားမှုများလည်း တစ်နေ့တခြား ပိုမိုများပြားလာမှု၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များအကြား  ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပြန့်ပွားရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း တိုးတက်လာစေရန် ရည်ရွယ်၍  Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပပေးကာ ဆုရရှိသူများကို နိုင်ငံတကာတွင်ကျင်းပနေသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့မှုနှင့်   နောင်တွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များအကြား၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပိုမိုထိထိ ရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုး က ဆိုက်ဘာလုံခြုံရေးမူဝါဒနှင့် ဉပဒေမူဘောင်ရေးဆွဲ ဆောင်ရွက်နေမှုအခြေအနေခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး အညွှန်းကိန်းမြင့်တက်ရေးအတွက် အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု၊ နိုင်ငံအတွင်း ဆက်သွယ်ရေးကဏ္ဍတိုးတက် ပြောင်းလဲလာမှုနှင့် မြန်မာနိုင်ငံ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေရေးဆွဲနေမှု အခြေအနေများကို ဟောပြောဆွေးနွေးသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက အစိုးရအဖွဲ့အစည်းအတွင်း ဆိုက်ဘာလုံခြုံရေး၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် အစိုးရဌာနများရှိ e-Government ဌာနများတွင် ဆိုက်ဘာလုံခြုံရေးအဖွဲ့ ထည့်သွင်းဖွဲ့စည်းရန် လိုအပ်မှု၊ ဆိုက်ဘာလုံခြုံရေးစိန်ခေါ်မှုများကို အစိုးရဌာနများ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ ISC များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများကို ဟောပြောဆွေးနွေးသည်။

 

မွန်းလွဲပိုင်းတွင်    လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က ကမ္ဘာတစ်ဝန်းဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်သည်  PlugX RAT, CobaltStrike and Mustang Panda  ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာ၌ အဆင့်မြင့်ဟက်ကာအဖွဲ့ (APT) ၏ အဓိပ္ပါယ်၊  APT များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် နောက်ခံသမိုင်း ကြောင်း၊ မြန်မာနိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ သည့် အဆင့်မြင့် ဟက်ကာအဖွဲ့တစ်ခုဖြစ်သော Mustang Panda  အဖွဲ့၏ သမိုင်းကြောင်းနှင့် ၎င်းတို့လုပ်ဆောင်ခဲ့သော ဆိုက်ဘာတိုက်ခိုက်မှုများ၊ Mustang Panda အဖွဲ့က ဆိုက်ဘာ တိုက်ခိုက်ရာတွင် အသုံးပြုသော PlugX နှင့် CobaltStrike တိုက်ခိုက်ခံရမှုများတွင် သတင်းအချက် အလက်နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ တုံ့ပြန်ဆောင်ရွက်ခဲ့မှု၊ တိုက်ခိုက်မှုမှ လေ့လာသင်ယူရရှိခဲ့သော သင်ခန်းစာများကို  ဟောပြောဆွေးနွေးသည်။

 

ဆက်လက်၍ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဉီးစီးအရာရှိ ဒေါ်ခင်မဥ္ဇူ က မြန်မာနိုင်ငံတွင် တိုက်ခိုက်ခံ ရလေ့ရှိသည့် Ransomware တိုက်ခိုက်မှုကို လေ့လာခြင်းနှင့် တိုက်ခိုက်မှုမခံရစေရန် ကာကွယ်ရန်နည်းလမ်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဉီးစီးအရာရှိ ဦးဇော်မျိုးဦးက SIEM Platform အသုံးပြုပုံမိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဉီးစီးအရာရှိ ဒေါ်သင်းနန္ဒာအောင်က Email လုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေးမိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဉီးစီးအရာရှိ ဒေါ်အေးမြတ်သန္တာက ကွန်ပျူတာတစ်လုံးချင်းကို ဆိုက်ဘာတိုက်ခိုက်ခံရမှု နည်းပါးစေရန် ဆောင်ရွက်ရန် နည်းလမ်းများကို ချဉ်းကပ်လေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း  အသိပညာပေး ဟောပြောဆွေးနွေးကြသည်။

 

ဟောပြောမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းနှင့်  တက်ရောက်သူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်