ဗန်ကောက်   အောက်တိုဘာ   ၂၉

ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးတွင်   ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဒေသတွင်းနိုင်ငံပေါင်းစုံအစည်းအဝေးတစ်ခု ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်က အောက်တိုဘာ  ၂၉  ရက်က ပြောကြားလိုက်သည်။

တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အာရှ-ပစိဖိတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု(အေပက်) စီးပွားရေးခေါင်းဆောင်များအစည်းအဝေးသို့ မထွက်ခွာမီ အနူတင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မကြာသေးမီက ကျင်းပခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ထိပ်သီးအစည်းအဝေး၌ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးတွင် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို  အနူတင်က ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် ဆိုက်ဘာရာဇဝတ်မှုများကို  ပိုမိုတိကျခိုင်မာသောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် ဒေသတွင်းနိုင်ငံပေါင်းစုံ အစည်းအဝေးကို  လက်ခံကျင်းပရန်  တရားဝင်အဆိုပြုခဲ့သည်။

အဆိုပါကိစ္စ  အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို တာဝန်ပေးခဲ့ကြောင်း အနူတင်က ပြောကြားခဲ့သည်။

လွန်ခဲ့သော   သီတင်းပတ်က အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် အမျိုးသားဦးစားပေးကိစ္စရပ်အဖြစ် ထိုင်းအစိုးရက ကြေညာခဲ့သည်။               

ဆင်ဟွာ