နီကိုးရှား ဇွန် ၁၆
ဆိုက်ပရပ်စ်နိုင်ငံ၌ သောကြာနေ့ က အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်အထိရှိသည့်အတွက် ဇွန်လတွင် စံချိန်တင် အပူချိန်မြင့်တက်ခဲ့ပြီး အပူလျှပ်လက္ခဏာများကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသေဆုံးကာ အခြားအများ အပြား ဆေးရုံတင်ထားရကြောင်း ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။
ဆိုက်ပရပ်စ်နိုင်ငံသည် အင်္ဂါနေ့မှစတင်ကာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် အထက်ရှိသော နှစ်ကြိမ်ဆက် လေထုပူပြင်းမှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။ ကြာသပတေးနေ့တွင် အပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့ သည်။ သို့သော်လည်း တနင်္ဂနွေနေ့မှစတင်ပြီး အပူချိန်အနည်းငယ် ကျဆင်းဖွယ်ရှိသည်။
အသက် သေဆုံးခဲ့သော သက်ကြီးပိုင်းအမျိုးသမီးသည် အပူလျှပ်မှုကြောင့် ရုတ်တရက်နှလုံးရပ်မှု နှစ်ကြိမ်ခံစား ခဲ့ရကြောင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု ပြောရေးဆိုခွင့်ရှိသူ ချာရယ်လမ်ဘော့စ် ချီရီလ်လာအူက ပြောသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လွန်ကဲသည့်အပူချိန်ကြောင့် ဆိုက်ပရပ်စ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများတွင် အပူဒဏ်ကြောင့် အားအင်ကုန်ခန်းသည့် ဝေဒနာသည်များစွာနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ လူငါးဦးမှာ အပူလျှပ် လက္ခဏာများကြောင့် ဆေးရုံတင်ထားရဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အလုပ်သမားဦးစီးဌာနသည် ပြင်ပလှုပ်ရှားမှုများအထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်ဆောင်မှုကို တားမြစ်ထား သည်။ တစ်ချိန်တည်းတွင် နံနက် ၁၀ နာရီ ၄၅ မိနစ်နောက်ပိုင်း အစိုးရစာသင်ကျောင်းများ ပိတ် ထားရန်အတွက်လည်း ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။
ဆင်ဟွာ