ရွှေသင် ( MPP )

 

အီးဗွီကားမှသည် ဆိုလာပါဝါကားဆီသို့

ကမ္ဘာကြီးသည် တီထွင်ကြံဆမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်း ပျက်စီးမှုအပေါ် စိုးရိမ်ထိတ်လန့်မှုစသဖြင့် အကောင်းအဆိုးပေါင်းစုံ ရောယှက်လျက် သက်ရောက်မှုများလည်း အဆက်မပြတ်ဖြစ်ပေါ် လျက်ရှိနေသည်။

 

လူသားတို့သည် မော်တော်ယာဉ်အသုံးပြုမှု ကဏ္ဍတွင် ရုပ်ကြွင်းလောင်စာဆီတို့ကိုအသုံးပြု မောင်းနှင်နေသည့် အခြေအနေမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အရင်းအမြစ်ရှားပါးလာမှု၊ စရိတ်စက ကြီးမြင့်လာမှုတို့ကြောင့် အီးဗွီ ( Electric Vehicle- EV) ခေါ် လျှပ်စစ်ဓာတ်အားသုံး ကားများ တီထွင်အသုံးပြုသည့်အခြေအနေဖြစ်လာသည်။ အီးဗွီကားများ လူကြိုက်များလာ၏။ ဈေးကွက်တွင်ကျယ်လာသည်။ ထိုသို့ တဖြည်းဖြည်းပြောင်းလဲလျက် တစ်ကမ္ဘာလုံး နေရာအနှံ့ အီးဗွီကားများ တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးသည့်အချိန်တွင် နေရောင်ခြည် စွမ်းအင်သုံး မော်တော်ယာဉ်ခေါ် ဆိုလာပါဝါကား (Solar Powered Car) ထပ်ဆင့် တီထွင် အသုံးပြုနိုင်ရေး ကြိုးစားလာကြပြန်သည်။ ဆိုလာပါဝါကားဆိုသည်မှာ နေရောင်ခြည်စွမ်းအားမှ ရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်သည့် မော်တော်ယာဉ်ဖြစ်သည်။

 

ကာဗွန်ဓာတ်ငွေ့လျှော့ချခြင်းနှင့်ဆိုလာပါဝါကား

ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးပေါင်း ၁၀၀ တွင် နေရောင်ခြည်စွမ်းအင်သုံး မော်တော်ကားများ၏ အသုံးပြုနိုင်မှု အလားအလာများနှင့် ပတ်သက်၍ လေ့လာမှုတစ်ခု၏တွေ့ရှိချက်အရ ဆိုလာစွမ်းအင်သည် အားသွင်းရန် လိုအပ်ချက်ရှိသည့်အချက်များကို ထက်ဝက်လျှော့ချနိုင်ပြီး တစ်ရက်လျှင် ခရီးအကွာ အဝေး ၁၁ ကီလိုမီတာမှ ၂၉ ကီလိုမီတာအထိ ပိုမို ပံ့ပိုးပေးနိုင်သည်ဟု သိရသည်။

 

ကမ္ဘာတစ်ဝန်း အီးဗွီခေါ် လျှပ်စစ်ကားများကို လျင်လျင်မြန်မြန်ပင် လက်ခံအသုံးပြု နေကြသော်လည်း မော်တော်ယာဉ်မှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နှင့် ပတ်သက်၍ လုပ်ဆောင်စရာများလိုအပ်နေသေးသည်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် တစ်ကမ္ဘာလုံးတွင် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှတ်မှု၏ သုံးပုံတစ်ပုံ ခန့်အတွက်တာဝန်ရှိနေသေးသည်။ ထို့ကြောင့် ကာဗွန်ဓာတ်ငွေ့လျှော့ချရေး ရည်မှန်းချက်ကို ရရှိစေရန်အတွက် ရွေ့လျားသောအရာဝတ္ထုများ၏ ကာဗွန်ထုတ်လွှတ်မှုများကို သိသိသာသာ လျှော့ချရန် လိုအပ်လျက်ရှိနေသည်ဟုဆိုသည်။

 

ဆိုလာပါဝါသုံးကားများတွင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်သည့် ဖိုတိုဗိုတေးအစ်မော်ဂျူး (photo-voltaic modules )များ ဖြည့်ဆည်းပေါင်းထည့် ခြင်းသည် ကာဗွန်ထုတ်လုပ်မှုလျော့ကျခြင်း၊ အားသွင်းစရိတ်နှင့် အားသွင်းအကြိမ်ရေ လျှော့ချနိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့်ရည်ရွယ်ချက် ကိုဖြည့်ဆည်းပေးနိုင်သည်ဟု ကျွမ်းကျင်သူပညာရှင် တို့ကဆိုသည်။

 

 

ဆိုလာပါဝါ အခက်အခဲ

ယနေ့ခေတ်မြို့ကြီးများသည် လျှပ်စစ်ကားများအတွက် အဓိကစျေးကွက်ဖြစ်လာနေပြီး ခရီးတို အကွာအဝေးများအတွက် ဆိုလာပါဝါသုံးကားများသည်လည်း အထူးစိတ်ဝင်စားဖွယ် ကောင်းသည့် အခြေအနေတွင်ရှိနေသည်။ အားသွင်းစရာမလိုသော ဆိုလာလျှပ်စစ်ကားခေါ် ဆိုလာပါဝါကားများမှာ တီထွင်သူများအတွက်သာမက သုံးစွဲသူများအတွက်ပါ နောက်ထပ် စိတ်ဝင်စားစရာကောင်းသည့်ကိစ္စ ဖြစ်လာသည်။

 

သို့သော် မြို့ပြဧရိယာများရှိ လမ်းမကြီးများတွင် အဆောက်အအုံများ၊ သစ်ပင်များနှင့် နေရောင် ခြည်ကိုကာထားသည့် အခြားသောအတားအဆီး၊ အရိပ်အကာအများအပြားရှိနေသောကြောင့် ဆိုလာ ပါဝါရရှိရေးမှာ သတိထားစရာဖြစ်နေသည်။ မောင်းနှင်နေသော ဆိုလာပါဝါကားများပင် နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှု အလားအလာမှာ ကန့်သတ်ထားသည့် အခြေအနေတွင်ရှိသည်ဟု ဆိုသည်။ ရပ်ထားသော ဆိုလာပါဝါကားများအတွက် ဆိုလျှင် နေရောင်ခြည်စွမ်းအင်ရရှိရေးမှာ ပို၍ပင် အားနည်းပေလိမ့်မည်။ ဆိုလာပါဝါသုံးမော်တော် ကားနှင့်ပတ်သက်၍ လေ့လာမှု၏ ရည်ရွယ်ချက်မှာ မြို့ပြများတွင်ရှိနေသည့် နေရောင်ခြည်ကို အကာအကွယ် ပြုနေသော အရိပ်များ၏ အကျိုးသက်ရောက်မှုသည် ဆိုလာပါဝါကားများ တွင်ကျယ်စွာ အသုံးပြုနိုင်မှု အလားအလာအပေါ် သိသိသာသာကန့်သတ်မှုများ ဖြစ်နိုင်ခြင်း ရှိ/မရှိ သုံးသပ်အကဲဖြတ်ရန် ဖြစ်သည်ဟု ပေါ်တူဂီ လစ်စဘွန်းတက္ကသိုလ် သိပ္ပံပညာဌာန Instituto Dom Luiz မှ လေ့လာမှုတွင်ပါဝင်သည့်သုတေသီ Miguel Centeno Brito က ရှင်းပြထားသည်။

 

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အနာဂတ်မြို့ပြများ အသွင်ကူးပြောင်းနိုင်ရေး

တစ်ကမ္ဘာလုံးတွင် ဆိုလာပါဝါသုံးကားများ အသုံးပြုနိုင်သည့် အလားအလာရှိသော ဒေသများ နှင့်ပတ်သက်၍လည်း လေ့လာခဲ့ကြသည်။ တရုတ် နိုင်ငံ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပ တောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသရှိ မြို့ကြီးများသည် နေရောင်ခြည် စွမ်းအင်သုံး မော်တော်ကားများအတွက် အသင့်တော်ဆုံးနေရာများဖြစ်ကြောင်း လေ့လာမှုက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကမ္ဘာ့အခြားသောဒေသများလည်း ရှိနိုင်ပါသေး သည်။ မြို့ကြီးများတွင် နေရောင်ခြည်ရရှိမှုကို အဟန့်အတားဖြစ်စေသော အရိပ်များကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုသည် ၂၅ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ဆိုလာပါဝါသုံးကားဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ဖြစ်ပေါ်လာနိုင်ခြေမရှိ ဟုလည်းဆိုထားသည်။

 

လေ့လာမှုကိုပြုလုပ်ခဲ့သော သုတေသနအဖွဲ့သည် ဆိုလာပါဝါသုံးမော်တော်ယာဉ်မော်ဒယ်ကို စမ်းသပ်စစ်ဆေးရန် နိုင်ငံသားသိပ္ပံပညာရှင်များ နှင့်စမ်းသပ်မှုကိုစတင်ခဲ့သည်။ တိုးပွားလာသော မြို့ပြလူဦးရေနှင့်အတူ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ စိုးရိမ်မှုများပို၍ကြီးမားလာချိန်တွင် ဆိုလာပါဝါသုံးမော်တော်ကားကို အသုံးပြုရန် သင့်တော်သည့်အချိန် ဖြစ်၊ မဖြစ်ကိုမူ တထစ်ချ ပြောရန် ခက်ခဲနေသေးသည်ဟုဆိုကြသည်။ သုတေသီ Miguel Centeno Brito ကမူ “ကျွန်ုပ်တို့ ၏ လေ့လာမှုရလဒ်များသည် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော မြို့ပြအနာဂတ်ဆီသို့ အသွင်ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် မူဝါဒချမှတ်သူများနှင့် မော်တော်ကား ထုတ်လုပ်သည့်လုပ်ငန်းများကြား လမ်းပြမြေပုံကို ချမှတ်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်”ဟု လည်း သုံးသပ်စကားဆိုထားသည်။

 

ဆိုလာပါဝါကားအတွက် ကြိုတင်ပြင်ဆင်စရာများ

ဖော်ပြခဲ့သော လေ့လာမှုကို လူဇင်ဘတ် သိပ္ပံ နှင့်နည်းပညာ အင်စတီကျု( Luxembourg Institute of Science and Technology-LIST) နှင့် ပြင်သစ် နိုင်ငံ ပဲရစ်သုတေသနအဖွဲ့ Mines Paris-PSL တို့မှ သုတေသီများပူးပေါင်းလျက် ပေါ်တူဂီ လစ်စဘွန်း တက္ကသိုလ်သိပ္ပံပညာဌာနမှ သုတေသီများက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပေသည်။

လက်တွေ့အခြေအနေတွင် နေရောင်ခြည်ကို လျှပ်စစ်စွမ်းအင်ပြောင်း၍ လျှပ်စစ်ကားများအဖြစ် အသုံးပြုနိုင်မှုတွင်ကျယ်လာပါက ကမ္ဘာ့လူသားတို့စိုးရိမ်နေကြသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများသက်သာရာရလာနိုင်သည်။ သို့သော် ဆိုလာပါဝါခေါ် နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် မော်တော်ယာဉ်တွင် လိုအပ်သောအစိတ်အပိုင်းများ တပ်ဆင်နိုင်ရေးအတွက် တီထွင်လုပ်ကိုင်စရာများရှိနေသေးသကဲ့သို့ မော်တော်ယာဉ်၏ ဆိုလာပါဝါ အသုံးပြုနိုင်စွမ်း၊ အသုံးပြုမည့်နေရာနှင့် ဒေသများတွင် နေရောင်ခြည် စွမ်းအင်ရရှိနိုင်မှုအခြေအနေ စသည်ဖြင့် ကြိုတင်ပြင်ဆင်ထားရမည့် အခြေအနေများစွာ ရှိနေသေး သည်ဟု သုံးသပ်ကောက်ချက်ချနေကြသည်။