မိုဂါဒစ်ရှူး ၂၁ ဇန်နဝါရီ

 

ဆိုမာလီယာ၌ ပြီးခဲ့သည့်စနေနေ့ကပြုလုပ်ခဲ့သည့် အမေရိကန်လေကြောင်း တိုက်ခိုက်မှုအတွင်း အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင် ၅၂ ဦး သေဆုံးသွားကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာက ပြောကြားခဲ့သည်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ဆိုမာလီစစ်အခြေစိုက်စခန်းတစ်ခုကို အယ်လ်ရှာဘတ်စစ်သွေးကြွများက လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်ကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာက ဖော်ပြသည်။ သေဆုံးသွာသည့် စစ်သွေးြွကများသည် အိုင်အက်စ်အဖွဲ့၏ တိုက်ခိုက်ရေးသမားများဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှုရှိမရှိနှင့် ပတ်သက်၍အတည်ပြုခြင်း မရှိသေးပေ။

 

ပြီးခဲ့သည့် အင်္ဂါနေ့က လူ ၂၁ ဦးကို သေဆုံးစေခဲ့သည့် အိမ်နီးချင်းကင်ညာရှိ ရုံးအဆောက်အအုံတစ်ခုနှင့် နိုင်ရူဘီဟိုတယ်တစ်လုံးကို အယ်လ်ရှာဘတ် စစ်သွေးကြွများက ၄င်းတို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ဒေသမီဒီယာဖော်ပြချက်များတွင် အယ်လ်ရှာဘတ်စစ်သွေးြွကအုပ်စုသည် ဂျေရုဆလင်မြို့ကို အစ္စရေးမြို့အဖြစ် ထရမ့်၏ သတ်မှတ်မှုကို ကန့်ကွက်သည့်အနေဖြင့်ထိုသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

 

ထရမ့်အစိုးရအဖွဲ့သည် အယ်လ်ရှာဘတ်စစ်သွေးကြွများအား လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်တပ်မတော်သည် ဆိုမာလီတပ်ဖွဲ့ဝင်များနှင့် အိမ်နီးချင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုကို ဆက်လက်နှိပ်ကွပ်သွားမည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာက ပြောကြားခဲ့သည်။

 

အင်န်အိတ်ချ်ကေ