ဆိုမာလီယာနိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့်ယခုနှစ်အတွင်း သေဆုံးသူ ၅၄ ဦး ရှိလာ

မတ် ၁၅

ဆိုမာလီယာနိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း သေဆုံးသူ ၅၄ ဦး ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယမန်နေ့က ပြောကြားသည်။ နိုင်ငံအတွင်းရှိပြည်နယ်ခြောက်ခုနှင့် ခရိုင် ၃၀ တွင် ကာလဝမ်းရောဂါဖြစ်ပွားသူ ၄၃၈၈ ဦး ရှိလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုသည်။ မြစ်ဝှမ်းဒေသတွင် ထိုရောဂါဖြစ်ပွားမှုမြင့်မားကြောင်း ကူးစက်ရောဂါဆိုင်ရာနောက်ဆုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ရေသန့်ရှင်းမှု အားနည်းသော ဒေသနေထိုင်သူများတွင် ကာလဝမ်းရောဂါဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဆိုမာလီကျန်းမာရေး ဝန်ကြီးဌာနက လွန်ခဲ့သောသီတင်းပတ်က ပြောကြားသည်။ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ရေဘေးသင့်သူ ၂ ဒသမ ၅ သန်းကျော်ရှိပြီး သေဆုံးသူ ၁၁၈ ဦးရှိသည်ဟု ကုလသမဂ္ဂ၏ပြောကြားချက်အရ သိရသည်။ ၂၀၂၃ ခုနှစ်က ဆိုမာလီယာနိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားသူအရေအတွက်မှာ အသက်ငါးနှစ်အောက်ကလေးငယ်ဦးရေ ၁၀၀၀၀ ကျော်အပါအဝင် ၁၈၃၀၄ ဦးရှိပြီး သေဆုံးသူ ၄၆ ဦး ရှိသည်ဟု ဒဗလျူအိတ်ချ်အိုကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို