ရန်ကုန် ၂၂ ဧပြီ
မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ကူးဆက်မြန် ရောဂါအရေးပေါ် ကာကွယ်တုံပြန်ရေးအ ထောက်အကူပြုကော်မတီ၏ စီမံချက်ဖြင့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများကို ကျိုက္ကလော့ ဝတ္တကမြေတွင် ယာယီပျံကျဈေးအဖြစ် ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် စတင်ပြောင်းရွှေ့ဖွင့် လှစ်လိုက်ပြီဖြစ်ပြီး၊ ဆိုင်ခန်းပေါင်း ၈၀ဝ ပါဝင်ကြောင်း သိရသည်။
"ကျွန်မတို့ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး စီမံချက်အရ ပြည်တော်သာ၊ ပ.လ.ရ၊ ပေါက်ကုန်းရပ်ကွက် အတွင်း ဂျိုးဖြူရေပိုက်လိုင်းအနီးမှာ မူလက ဖွင့်လှစ်ထားကြတဲ့ ရပ်ကွက်အတွင်း ဈေးတွေကို ဒီနေ့ ကျိုက္ကလော့ ဝတ္တကမြေမှာ ယာယီပျံကျဈေးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်တာဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှာ ဖွင့်တာဆိုပေမယ့် တော်တော်စည်ကားတယ်။ ပိုက်လုံးဘေးမှာဖြစ်နေတဲ့အခါကျတော့ ဈေးဝယ်သူတွေ အရမ်းများတယ်။ လူနေအိမ်ခြေတွေနဲ့လည်း အရမ်းကိုနီးကပ်လွန်းတဲ့အတွက် ယာယီပြောင်းရွှေ့ ဖွင့်လှစ်စေတာဖြစ်ပါတယ်။ ပြည်တော်သာ၊ ပ.လ.ရ ဈေးမှာ က ဈေးဆိုင်ခန်း ၄၀ဝ ရှိတဲ့အတွက် ဒီနေရာမှာ ဆိုင်ခန်းပေါင်း ၈၀ဝ ကို ၆ ပေခြား အကွက်ဖော်ထားပေးပါတယ်၊ ကိုဗစ်-၁၉ ပြီးရင်တော့ မူလနေရာကို ပြန်လည်ရွှေ့ပြီး ရောင်းချခွင့်ပြုပေးသွားမှာပါ" ဟု မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက ပြောသည်။
အဆိုပါ ယာယီပျံကျဈေးကိုနေ့စဉ် နံနက် ၆ နာရီ မှ ၁၁ နာရီထိ ရောင်းချမည်ဖြစ်ကာ သား၊ငါး၊ ဟင်းသီးဟင်းရွက် စသည့် ကုန်စို ကုန်ခြောက်နှင့်ငါးခြောက် ဆိုင်များ၊ သစ်သီးတန်း၊ Hand Gel အရောင်းဆိုင်နှင့် ၊ပန်းအရောင်းဆိုင်များ ပါဝင်ပြီး၊ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ကြက်သွန်၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် နှင့် မီးဖိုချောင်သုံး ပစ္စည်းအရောင်းဆိုင်များ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွတွေမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်တွေကြောင့် လူစုလူဝေး မဖြစ်ပေါ်စေချင်တဲ့အတွက် လျာထားတဲ့ ဆိုင်ခန်းအရေအတွက်ထက် ထပ်တိုးချဲ့ လိုက်ရတယ်။တစ်နိုင်တစ်ပိုင် ရောင်းချလိုသူများရော၊ ခြံထွက်သီးနှံရောင်းချလိုသူ၊ ခေါင်ရွက်ဗျတ်ထိုးဈေးသည်က အစပါဝင်လာတဲ့အတွက် ဆိုင်ခန်းပေါင်း(၈၀ဝ)အထိ စည်ကားသွားတာပါ။ ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အခုလို စည်းကမ်းတကျရောင်းဝယ် ဖောက်ကားလို့ရအောင် အဖွဲ့အစည်းအသီးသီးက စီစဉ်ပေးတဲ့အပေါ် စနစ်တကျ လိုက်နာဆောင်ရွက်ကြတာတွေ့ရတဲ့အတွက် ပီတိဖြစ်ရပါတယ်" ဟု ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဦးကပြောသည်။
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြားရပ်ကွက်များတွင် ဖွင့်လှစ်လျက်ရှိသော ဈေးများကိုလည်း ရပ်ကွက်ပြင်ပ မြေနေရာများတွင် ဖွင့်လှစ်ပေးနိုင်ရန်စီစဉ်လျက်ရှိပြီး ရွှေ့ပြောင်းရန်ခက်ခဲသည့် ရပ်ကွက်အတွင်း ဈေးတချို့ကို ကျန်းမာရေးဝန်းကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စည်းစနစ်တကျ ရောင်းဝယ် ဖောက်ကားနိုင်ရေး ဆင်လက်စိစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


