ဒါကာ  မေ   ၂၈

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မေ ၂၆ ရက်ညပိုင်းက ဆိုင်ကလုန်း မုန်တိုင်း ရီမယ်(လ်)ဝင်ရောက် တိုက်ခတ်မှုကြောင့် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် အနည်းဆုံး ခုနစ်ဦး သေဆုံးကြောင်း သိရသည်။

 

သေဆုံးသူများမှာ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းခရိုင် ငါးခုမှဖြစ်ပြီး ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူနှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ မုန်တိုင်းသည်ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ကမ်းရိုးတန်းတစ်လျှောက်၌ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဝင်ရောက် တိုက်ခတ်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန၏ ဆိုင်ကလုန်း သတိပေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး အမ်ဒီရှားမန်အာစန်က ပြောသည်။

 

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကမ်းရိုးတန်းခရိုင် ၁၂ ခုခန့်တွင် သီးနှံများ ပျက်စီးခဲ့သည့်အပြင် လုံခြုံစိတ်ချရမှုမရှိသော ခရိုင် ၁၀ ခုမှ အနည်းဆုံး လူ ၈၀၀၀၀၀ ကိုလည်း ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားခဲ့သည်ဟုဆိုသည်။ ကမ်းရိုးတန်း ဒေသများ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ ကျိုးကျပြီး နောက် လူပေါင်း ၁၅ သန်းခန့်မှာ လည်း လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည်။

 

ထို့အတူ ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) တိုက်ခတ်ပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းအနောက် ဘန်ဂေါ ပြည်နယ်တွင် နှစ်ဦးထက်မနည်းသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၇ ရက်တွင် ပြောကြားသည်။ ဆိုင်ကလုန်းမုန်တိုင်း မကျရောက်မီ ဒေသဆိုင်ရာအစိုးရက လူပေါင်း ၁၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ရေဘေး သင့်ပြည်သူများကို စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါး အကူအညီများပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ဆင်ဟွာ