စစ်တွေ ဇူလိုင် ၂၅
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်သင့် မြို့နယ်များသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင်၊ ရခိုင်ဌာနခွဲမှ သင်္ဘောများဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများကို မေ ၂၃ ရက်မှ ဇူလိုင် ၂၅ ရက်အထိ တန်ချိန် ၅၁၁၉ ဒသမ ၀၉ တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင်၊ ရခိုင်ဌာနခွဲမှ သင်္ဘောများဖြစ်သော ကုလားတန်(၁၊၂၊၃၊၄၊၅၊၆) ရေယာဉ်များဖြင့် မုန်တိုင်းသင့်ဒေသများဖြစ်ကြသော ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များသို့ စားနပ်ရိက္ခာများ၊ ထောက်ပံ့ရေးကုန်ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆောက်လုပ်ရေး ပစ္စည်းများအား ပို့ဆောင်ပေးလျက်ရှိသည်။
အဆိုပါ ကုလားတန်သင်္ဘောများသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ လေဘေးသင့်ဒေသများသို့ ပို့ဆောင်ပေးခဲ့ရာတွင် ခေါက်ရေ ၂၂ ခေါက်ဖြစ်ပြီး ယနေ့ထိ ဆန်အိတ် ၆၆၅၆၀၊ နှံကောက်စပါးမျိုးစေ့အိတ် ၄၀၆၄၃ အိတ်၊ အသင့်စားကုန် အမယ်ပေါင်း ၃၂၆၅၇ မယ်၊ ဆောက်လုပ်ရေးပစ္စည်း အမယ်ပေါင်း ၁၈၄၆၀၊ သစ်တန်ချိန် ၂၃၈ တန် စုစုပေါင်း ကုန်တန်ချိန် ၅၁၁၉ ဒသမ ၀၉တန် အား လေဘေးသင့်ဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၊ ရခိုင်ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်ထူးအောင်ထံမှ သိရသည်။
တင်ထွန်း(ပြန်/ဆက်)