မန္တလေး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီးကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင်အလှူရှင်များက ဒုတိယအကြိမ်အလှူငွေများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး (၆)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အလှူရှင်များက လှူဒါန်းသည့် စုစုပေါင်း အလှူငွေကျပ် ၁၄၇၄ သိန်းကိုလက်ခံ၍ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီးကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှ ယနေ့အထိ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေမှာ စုစုပေါင်း ငွေကျပ် ၇၈၇၆၃၈၄၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်