နေပြည်တော် ဇူလိုင် ၁၉
တပ်မတော် (လေ) အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် အိမ်ထောင်ပရိဘောဂပစ္စည်း ၁ ဒသမ ၃ တန်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်တွေ လေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော် (လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၅၇၇ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃၅၈၈ ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ် များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက် ပေးပို့ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါ တပ်မတော် လေယာဉ်/ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်