ဆိုင်ကယ်(၅)စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၀)ဦးအား အရေးယူ

ဝိုင်းမော် ၂၈  မေ


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် မေ ၂၆ ရက်က ဆိုင်ကယ်(၅)စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၀ ဦးအား ဆဒုံးမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေး ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်မှာ မေ ၂၆ ရက် ညနေ ၄ နာရီခွဲက ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆဒုံးနယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်နိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဒုလဝကမှူး ဦးခင်ညွန့်နှင့် ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့(ဆဒုံး)မှ ဒုတပ်ကြပ်မင်းအောင်နှင့် တာဝန်ရှိသူများက လူနှင့်ယာဉ်များ အဝင်အထွက်တို့ကို စောင့်ကြပ်စစ်ဆေးစဉ် ကန်ပိုက်တီမှ ဝိုင်းမော်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်(၅)စီးအား ရပ်တန့်စစ်ဆေးရာ တရုတ်နိုင်ငံသားများဖြစ်သည့် ဖားရုံစိမ်း(၂၉)နှစ်၊ ရှမ်းဖူးစိမ်း (၃၆)နှစ်၊ ချွင်းစောက်လွင်(၃၉)နှစ်၊ မုံးကျင်းဖန်(၃၃)နှစ်၊ ရှန်ပိန်ကျုံး(၄၃)နှစ်၊ ရှန်ပုရုံချမ့်(၅၀)နှစ်၊ မုံချင့်ဖန်(၄၇)နှစ်၊ ချန်ပိန်းကျင် (၄၇)နှစ်၊ ချိန်ချောက်ချုံး(၂၃)နှစ်နှင့် ရှန်ပေါဖျင့်(၄၆)နှစ်တို့(၁၀)ဦးအား မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသား မှတ်ပုံတင်များ အသီးသီးကိုင်ဆောင်၍ တရားမဝင် ဝင်ရောက်လာကြောင်းစစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်ကြောင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၀)ဦးအား ဆဒုံးနယ်မြေရဲတပ်ဖွဲ့ စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားရှိကာ ဆဒုံးနယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


မိုဃ်းကျ(မြစ်ကြီးနား)